မြန်မာ့ဒီမိုကရေစီခရီး၏ အလားအလာက အလှမ်းဝေးနေမည်လား ခရီးရောက်မြန်မည်လား

ရာစုနှစ်ဝက်ခန့် အာဏာရှင်အုပ်ချုပ်ရေးစနစ်ဖြင့် ဖြတ်သန်းခဲ့ရသော မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ အရပ်သားအစိုးရ တာဝန်ယူနေပြီဖြစ်သည်။ အဆိုပါအခြေအနေ အတွက် ပေးဆပ်ခဲ့ရသည့်အရာ များစွာလည်းရှိခဲ့သည်။ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန်အတွက် အရေးပါသောခြေလှမ်းမျိုး ဖြစ် လာသောကြောင့် မြန်မာနိုင်ငံ အနေဖြင့် ခက်ခဲမှုများကို ပိုမိုရင်ဆိုင်ရဖွယ်ရှိနေသည်။

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်း က အာဏာသိမ်းယူခဲ့ခြင်းဖြင့် စတင်ခဲ့သော မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲသည် ၁၉၉ဝ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပမှုဖြင့် အပြောင်းအလဲ ဖြစ်မည်ဟု မျှော်လင့်ဖွယ်ရာဖြစ်ခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုခံခဲ့ရသည်။

လွန်ခဲ့သည့် ခြောက်နှစ်ခန့် က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အရပ်သား အစိုးရထံသို့ အာဏာလွှဲပြောင်းပေးကာ အုပ်ချုပ်ရေးစနစ်ကို အပြောင်းအလဲများပြုလုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခြင်းကဲ့သို့ အပြောင်းအလဲများလည်း ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ သို့သော် အသွင်ကူးပြောင်းမှုများ ဖော်ဆောင်ရာ၌ အခြေခံခဲ့သည့် အခြေခံ ဥပဒေသည် တပ်မတော်၏ လုပ်ပိုင်ခွင့်များကို ကျယ်ပြန့်စွာပေးအပ်ထားသကဲ့သို့ ဖြစ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခဲ့ပြီး အစိုးရအဖွဲ့နှင့် လွှတ်တော်ကို လွှမ်းမိုးနိုင်သည့် အခြေအနေမျိုး ပိုင်ဆိုင် ခဲ့သည်။

မတ်လကုန်ပိုင်းတွင်ဒေါ်အောင်ဆန်းစု ကြည်ခေါင်းဆောင်သည့်အရပ်သားအစိုးရ လွှဲပြောင်းတာဝန်ယူခဲ့ကာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ငြိစွန်းနေသော ကြောင့် သမ္မတဖြစ်ခွင့်မရှိသော ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏အရင်းနှီးဆုံး အကြံပေးတစ်ဦးဖြစ်သည့် ဦးထင်ကျော်ကို သမ္မတ အဖြစ် တင်မြှောက်ခဲ့သည်။ သမ္မတအထက်မှနေ၍ နိုင်ငံကိုဦးဆောင်မည်ဟု ပြောကြားထားသည့်စကားကို လက်တွေ့အကောင်အထည်ဖော်သည့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်ဆိုသည့် ရာထူးနေရာသစ်ကို ရယူခဲ့သည်။ လွှတ်တော်တွင် အတည်ပြုခဲ့သော အဆိုပါ ဥပဒေအရဒေါ်အောင်ဆန်း စုကြည်အနေဖြင့် အစိုးရအဖွဲ့ဝင်များအပါအဝင် မည်သည့်အဖွဲ့အစည်း၊ မည်သည့် တာဝန်ရှိသူကိုမဆို ခေါ်ယူတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခွင့်ရရှိမည်ဖြစ်သည်။

သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရာ၌ ပြောကြားခဲ့သောမိန့်ခွန်းတွင် ဦးထင်ကျော်က အခြေခံဥပဒေတွင် နိုင်ငံနှင့်လိုက်လျောညီထွေရှိကာ ဒီမိုကရေစီစံနှုန်းများ ပြည့်ဝသော အခြေအနေရောက်ရှိရန် လို အပ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ သို့သော် အခြေခံဥပဒေပြင်ဆင်ရန် ကြိုး ပမ်းမည်ဆိုပါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တပ်မတော်နှင့်သဘော တူညီမှုရရှိအောင် ကြိုးပမ်းရန် လိုအပ်မည်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနှင့်အထက် ထောက်ခံ မှာသာ အခြေခံဥပဒေကို ပြင်ဆင်နိုင်မည်ဖြစ် သည်။ လွှတ်တော်များတွင် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို တပ်မတော်မှရရှိထား သောကြောင့် တပ်မတော်၏ သဘောတူညီ မှုမရရှိဘဲ အခြေခံဥပဒေကို ပြင်ဆင်နိုင်မည်မဟုတ်ပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အဆိုပါအခြေအနေကို အပြောင်းအလဲပြုလုပ်ရန် ပစ်မှတ်ထားနေသည်ဟု ယူဆဖွယ်ရာများ ရှိနေသည်။ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဦးသန်းအောင်စိုးက ”တပ်မတော်ရဲ့ ပါဝင်မှုလျှော့ချနိုင်အောင် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းသွားမှာပါ” ဟု ပြောသည်။ သို့သော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံ ရေးတွင် ဆက်လက်ပါဝင်နေမည်ဟု ပြော ကြားခဲ့သည့်စကားကို အလေးထားစဉ်းစား ရန် လိုအပ်မည်ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်တည်ငြိမ်ရေးမှာ ဦးစားပေးရမည့် အကြောင်းအရာ တစ်ရပ်ဖြစ်သည်ဟုလည်း အလေးပေးပြောကြားခဲ့ဖူးသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ဟု ဆိုခဲ့သော်လည်း လက်နက် ကိုင်ပဋိပက္ခများနှင့်ဥပဒေကိုမလိုက်နာခြင်းများသည် ပရမ်းပတာဆန်သည့်ဒီမိုကရေစီ စနစ်ဆီသို့ ဦးတည်သွားစေနိုင်သည်ဟု ပြောကြားခဲ့သည့်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စကားကိုလည်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အနေဖြင့် အလေးထား စဉ်းစားရန် လိုအပ်မည်ဖြစ်သည်။

တပ်မတော်အနေဖြင့် အရပ်သားအုပ် ချုပ်မှုစနစ်ကို မည်သည့်အချိန်၌ခွင့်ပြုသွား မည်ဆိုသည့်အချက်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပါ။ တပ်မတော်အနေဖြင့် နိုင်ငံ့ လုံခြုံရေးကို မထိခိုက်စေသည့် အသွင်ကူး ပြောင်းမှုများကိုသာ အချိန်ယူ၍ဖော်ဆောင် သွားရန် ရည်ရွယ်ထားဖွယ်ရှိသည်ဟု သတ်မှတ်ရမည်ဖြစ်သည်။ တပ်မတော် အနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံကဲ့သို့ အာရှဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုမြင့်မား သောနိုင်ငံအဖြစ် ရောက်ရှိစေရန် အလား အလာကောင်းများ ပိုင်ဆိုင်ခဲ့သော်လည်း အဆိုပါအခြေအနေများကို အံ့အားသင့်ဖွယ် စွန့်လွှတ်ခဲ့ရခြင်းနောက်ကွယ်မှ အကြောင်းတရားများကို ကောင်းစွာသဘောပေါက်ထားသည်ဟု မျှော်လင့်ရသည်။ ထို့အပြင် တပ်မတော်အစိုးရလက်ထက်တွင် နိုင်ငံကို ဦးဆောင်ခဲ့သည့် ခေါင်းဆောင်များသည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်လွှမ်းမိုး မှုအခြေအနေမှာ ရေရှည်တွင် အကျပ် အတည်းများ ဖြစ်ပေါ်လာနိုင်သည်ဟု ယူဆခဲ့သောကြောင့် လက်ရှိပိုင်ဆိုင်လျက် ရှိသော အသွင်ကူးပြောင်းမှုများ ဖော် ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖစ်ဖွယ်ရှိသည်။ တပ်မတော်ခေါင်းဆောင်များအနေဖြင့် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်များနှင့်သာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ကြီးကြီးမားမား အဟန့်အတားဖြစ်စေ လျက်ရှိသည့် အမေရိ ကန်နှင့် ဥရောပနိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားနိုင်မည် ဟု သဘောပေါက်ခဲ့ပုံရသည်။

ပြည့်ဖြိုးနိုင်
(Ref : Burma on Road To Democracy : How Far How Fast ? by Doug Bandow)


Leave a Reply