ဒီမိုကရေစီအနှစ်သာရကို တည့်မတ်မှန်ကန်စွာ ကျင့်သုံးကြ

ဒီမိုကရေစီတွင် အများဆန္ဒနှင့် ဆုံးဖြတ်သည့် နည်းလမ်းရှိပါသည်။ သို့သော် တစ်ချိန်တည်းမှာ ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုးကိုလည်း ကာကွယ်ကုသ ရန်အတွက် လွတ်လပ်စွာပြောဆို၊ ရေးသားခွင့်သည် အရေးတကြီး၊ တလေးတစား ခွင့်ပြုပေးရသည့်ကိစ္စဖြစ်သည်။
တစ်နည်းအားဖြင့် အများဆန္ဒဖြင့်ဆုံးဖြတ်ရာတွင် အများသိစေရန်အတွက် လွတ်လပ်စွာပြောဆိုရေးသားခွင့်များ ပေးထားခြင်းကလည်း မရှိမဖြစ်လိုအပ်ပါသည်။
လွတ်လပ်စွာပြောဆို၊ ရေးသားခွင့်မရှိလျှင် ဒီမိုကရေစီသည် အာဏာရှင်စနစ်၊ ပဒေသရာဇ်ဆန်သောစနစ်နှင့် အတူတူပင်ဖြစ်သွားပေမည်။ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်သည် အာဏာရှင်ပဒေသရာဇ်မဆန်ရေးအတွက် ကာကွယ်ထားသည့် ဒိုင်းတစ်ခုလည်းဖြစ်သည်။
ဒီမိုကရေစီမူအရ နိုင်ငံရေးပါတီတစ်ခုက လွှတ်တော်၏အများစုနေရာကို မည်မျှပင် ပိုင်ဆိုင်ထားသည်ဖြစ်စေ အတိုက်အခံဘက် သို့မဟုတ်၊ လူနည်းစု၏ပြောရေးဆိုခွင့်ကို ပိတ်ဆို့တားဆီးခြင်း မလုပ်သင့်ဟု ဆိုရမည်။ ဒီမိုကရေစီစနစ်၏ အနှစ်သာရနှင့် ဂုဏ်ယူစရာမှာ နိုင်ငံရေးပါတီတစ်ခုနှင့်တစ်ခု ဝေဖန်ပြောကြားမှုများ၊ ငြင်းခုံဆွေးနွေးမှုများကို ရှင်သန်စေခြင်းပင်ဖြစ်သည်။ ထိုသို့မလုပ်ဘဲ ကန့်သတ်တားဆီး ပိတ်ပင်မှုများ လုပ်နေလျှင် ဒီမိုကရေစီဖွံ့ဖြိုးမှုနှင့်နိုင်ငံဖွံ့ဖြိုးမှုကို ထိခိုက်ပျက်ပြားစေမည်ဖြစ်သည်။ ဒီမိုကရေစီနှင့်ဆန့်ကျင်ဘက်ကိုသာ ဦးစားပေးနေခြင်းတစ်နည်း ဆိုရသော် ဒီမိုကရေစီကိုဆန့်ကျင်နေသလိုဖြစ်ပါက ပြည်သူကလက်ခံမည်မဟုတ်ကြောင်း သိထားသင့်ပါသည်။
လွတ်လပ်စွာ ပြောဆိုခွင့်ဟူသည် တစ်ဦးတစ်ယောက်၏ သဘောထားအမြင်ကို အသိအမှတ်ပြုပေးခြင်းဖြစ်ပြီး လူနည်းစုသဘောထားကို လေးစားသင့်သည်ဟူသော ‘မူ’ အရ ဖြစ်သည်။ လူထုကြီးက ဉာဏ်ပညာအမြော်အမြင်နှင့် ပြည့်စုံလာသည်နှင့်အမျှ အများစု၏အမြင်သည် အနည်းစု၏အမြင်ထက် အမှန်တရားနှင့်ပို၍ နီးစပ်သည်ဟု ပြောနိုင်သော်လည်း အနည်းစု၏ကန့်ကွက်မှုကို သေချာစွာနားထောင်၍ အများစု၏အမြင်ကို ထပ်မံပြန်လည်စဉ်းစားကြည့်ခြင်းသည် အမှန်တရားကို ပိုမို တိကျခိုင်လုံစေရန်ဖြစ်သည်။ ယင်းနှင့်ပြောင်းပြန်လူများစုအမြင်ကို အတင်းအဓမ္မ အကောင်အထည်ဖော်လျှင် လူနည်းစုပြောဆိုတင်ပြရေးသားထုတ်ဖော်ခြင်းကို ဂရုမစိုက်ခြင်းဖြစ်သွားပေမည်။ ထိုအခါ နိုင်ငံရေးအမှန်တရား အလင်းရောင်ပျောက်ဆုံး၍ နိုင်ငံရေးအမှောင်ခေတ်ဟု သမိုင်းတင်ခံရနိုင်သည်။ လူ့အဖွဲ့အစည်း၏ အမှားအယွင်းများကို တည့်မတ်ပေးနိုင်သည့် အခွင့်အလမ်းကို မိမိကိုယ်တိုင်ဆုံးရှုံးခံရရန် လုပ်လိုက်မိသလိုမျိုးဖြစ်သွားမည်။
အဆုံးအဖြတ်ယူရမည့်ကိစ္စများတွင် အများစု၏အမြင်သည်သာ မှန်ကန်သည် ဟု အခါခပ်သိမ်းအဓိပ္ပာယ်မထွက်ပေ။ အတိုက်အခံ၏ အမြင်အမျိုးမျိုးထဲတွင် မည်သည့်အမြင်က မှန်ကန်ပါသနည်းဟု စေ့ငုလေ့လာမှုအားကောင်းသင့်ကြောင်း၊ ဒီမိုကရေစီမူများက ဆိုထားပါသည်။ အတိုက်အခံ၏ အမြင်သဘောထားကို လှည့် မကြည့်ခြင်းသည် ဒီမိုကရေစီကို ကျောခိုင်းခြင်းဟု ဆိုနိုင်ပါသည်။
၂ဝ၁၅ ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့သစ်ပေါ်လာရာတွင် ပြည်သူလူထုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိုမိုမျှော်လင့်ထားကြသည်။
အစိုးရ ဖွဲ့စည်းပြီးသည်နှင့် သပိတ်မှောက်ကျောင်းသားများနှင့်နိုင်ငံရေးအရ ထောင်ကျနေသူများကို လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ထိုနောက်ပိုင်းမှစ၍ လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်များကို ကန့်သတ်ပိတ်ပင်လာပေသည်။ လက်ရှိအစိုးရသည် နှစ်နှစ်တာကာလအတွင်း လွတ်လပ်စွာထုတ်ဖော်ခွင့်များကို ကန့်သတ်ရာ၌ အမှု ၁၃ မှု ရှိခဲ့သည်။ ငါးမှုကို ရုပ်သိမ်းပေးခဲ့သည်။ သတင်းသမားများအပေါ် တရားစွဲဆိုထားမှု ၂၁ မှု ရှိခဲ့ပြီး သတင်းသမား ၃၅ ဦး တရားရင်ဆိုင်နေရသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင် ဆန္ဒပြခွင့်ပိတ်ပင်ခြင်းသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် တိုက်ရိုက်ချိုးဖောက်ခြင်းဟုဆိုကြသည်။
အဖွဲ့အစည်းတစ်ခုက အစီရင်ခံစာထုတ်ပြန်ရာ၌ လက်ရှိအစိုးရနှင့်လွှတ်တော်က လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ပိတ်ပင်ရာတွင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း ထောက်ပြလိုက်သည်။ ၂ဝ၁၆ ဧပြီ ၁ ရက်မှ ၂ဝ၁၈ မေလ ၃၁ ရက်အထိ နှစ်နှစ်တာကာလအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့် ချိုးဖောက်ပိတ်ပင်မှုများမှတ်တမ်းဟု ဆိုနိုင်ပါသည်။
အစိုးရသစ်၏ နှစ်နှစ်တာကာလသည် မြန်မာနိုင်ငံ၏ လွတ်လပ်စွာထုတ်ဖော် ပြောဆိုရေးသားခွင့်အခြေအနေ ပို၍ဆိုးရွားသွားသည်ကို တွေ့ရကြောင်း ၄င်းအဖွဲ့၏ အစီရင်ခံစာအနှစ်ချုပ်တွင် တင်ပြထားသည်။
ဒီမိုကရေစီ၏ အနှစ်သာရအမှန်မှာ အများစုဆန္ဒနှင့် ဆုံးဖြတ်ခြင်းလည်းရှိပြီး အနည်းစု၏သဘောထားကိုလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသား ပြောဆိုခွင့်ကို လေးစားစွာသုံးသပ်စိစစ်ခြင်းကိုလည်း လုပ်သင့်သည်သာဖြစ်ပါသည်။ ၄င်းနည်းလမ်းကို လိုက်နာကျင့်သုံးခြင်းမရှိပါက အာဏာရှင်စနစ်၊ ပဒေသရာဇ်ဆန်သော ပုဂ္ဂိုလ်ရေးကိုးကွယ်ဆည်းကပ်မှုပေါ်လာနိုင်ကြောင်း ထောက်ပြလိုပါသည်။
မှားယွင်းမှုများကို ပြန်လည်ဆန်းစစ်၊ ပြုပြင်ခြင်းများဖြင့် ဒီမိုကရေစီ အနှစ်သာ ရကို တည့်မတ်မှန်ကန်စွာကျင့်သုံးသွားကြရန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ပါသည်။

အယ်ဒီတာ့အာဘော်