အရွယ်တင်နုပျိုစေဖို့ “S” သုံးလုံးကို ရှောင်ကြစို့

အသက်အရွယ်ကြီးရင့်လာတာကို တားဆီးထားလို့မရသလို ရပ်တန့်လိုက်ဖို့လည်း ခက်ခဲပါတယ်။ ဒါပေမဲ့ အသက်အရွယ်ထက် ပိုပြီးနုပျိုကျန်းမာနေအောင်တော့ လုပ်လို့ရပါတယ်။ နုပျိုလန်းဆန်းကျန်းမာဖို့ လုပ်သင့်တဲ့အချက်တွေ အများကြီး ရှိတဲ့အထဲက အရေးကြီးပြီး လူသတိမထားမိတဲ့အချက် (၃) ချက်ကို ဖော်ပြပေး လိုက်ပါရစေ။ အတိုကောက် S သုံးလုံးလို့ မှတ်သားကြတဲ့ Sun (နေ)၊ Stress (စိတ်ဖိစီးမှု)၊ Sugar (သကြားဓါတ်) စတာတွေကို မိမိခန္ဓာကိုယ်တွင်း ရောက်ရှိမှု နည်းနိုင်သမျှနည်းအောင် ရှောင်ရှားကြရမှာဖြစ်ပါတယ်။

Sun (နေ)။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုများရင် အသားအရေ မွဲခြောက်ညိုမည်းပြီး အရွယ်ကျရုပ်ရင့်စေမှာ အသေ အချာပါပဲ။ မနက်ခင်းနေရောင်ခြည်ကို လူတွေဟာ လိုအပ်တာမှန်ပေမဲ့ အပူချိန်ပြင်းလွန်းတဲ့ နေ့လည်ဘက်တွေမှာ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စတဲ့နေရောင် အကာအကွယ်မပါပဲ သွားလာရင် ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများပြီး အသား အရေပျက်စီးတဲ့အပြင် အရေပြားနဲ့ပတ်သက်တဲ့ရောဂါများလည်း ဖြစ်ပွားနိုင်ပါတယ်။

Stress (စိတ်ဖိစီးမှု)။ စိတ်ညစ်၊ စိတ်ဆိုး၊ စိတ်တင်းကြပ်မှုတွေတာရှည်လာတဲ့အခါ စိတ်အတွင်း ဖိစီးမှုတွေဖြစ်လာပြီး မျက်နှာထားတင်းကာ မလှမပဖြစ်တတ်တာ အမှန်ပါ။ မပျော်ရွှင်နေသူဟာ ဘယ်လိုများ လှပနုပျိုနိုင်မှာလဲ။ နဂိုအလှအပရှိ နေသူတွေတောင် စိတ်ဖိစီးမှုများလာတဲ့အခါ မလှမပနိုင်ဖြစ်ကာ အရွယ်ကျ ရုပ်ရင့်တတ်ပါတယ်။ ဒါကြောင့် စိတ်ညစ်စရာ စိတ်ဓါတ်ကျစရာရှိနေရင်တောင် စိတ်အေးအေးထားပြီး ဖြေရှင်းသင့်ပါတယ်။

Sugar (သကြားဓါတ်)။ သကြားဓါတ်ဟာ သကြားအပါအ၀င် ချိုတဲ့အစား အစာတွေမှာပါဝင်ပါတယ်။ ဘီစကစ်၊ ကိတ်မုန့်၊ ရေခဲမုန့်၊ အချိုရည်၊ ချိုလွန်းသောမုန့်များ စတာတွေကို နည်းနိုင်သမျှ နည်းအောင် စားသင့်ပါတယ်။ အချိုဓါတ်ဟာ အရေပြားကို တင်းရင်းလှပစေတဲ့ ကော်လစ်ဂျင်ဓါတ်ကို ပျက်စီးစေတဲ့အတွက် အရေပြားကို လျော့ရဲလာစေပါတယ်။


Leave a Reply