ဖျော်ဖြေပွဲ တစ်ညကို ကန်ဒေါ်လာ ၁၃ သန်းလောက်ရတဲ့ တေလာဆွစ်

တေလာဆွစ် က သူ့ရဲ့ ဂီတလှည့်လည်ဖျော်ဖြေပွဲဖြစ်တဲ့ Eras Tour ခရီးစဉ်အတွင်းမှာ တစ်ညကို ကန်ဒေါ်လာ ၁၃ သန်းလောက် ရနေတယ်လို့ ဘလွန်းဘာ့ဂ် သတင်းဌာနက တွက်ချက်ဖော်ပြပါတယ်။
အသက် ၃၃ နှစ် အရွယ် အမေရိကန်စူပါစတားက လောလောဆယ်မှာ အမေရိကန်တစ်ဝှမ်းမှာ လှည့်လည် သီဆိုနေကာ ဥရောပ ၊ အာရှကိုလည်း ခြေဆန့်ဦးမှာ ဖြစ်ပါတယ်။
အာကစားကွင်းကြီးတွေမှာ ကျင်းပနေတဲ့ တေလာဆွစ်ဖျော်ဖြေပွဲ လက်မှတ်တစ်စောင်ကို ၂၅၄ ဒေါ်လာလောက် ပျမ်းမျှ ကျသင့်ပြီး ဒါက ဈေးနှုန်းအမြင့်ဆုံး နှုန်းထားတစ်ခု ဖြစ်ပါတယ်။
သူက တစ်ည ၁၃ သန်းလောက်ရတဲ့ ဝင်ငွေကို တစ်ယောက်တည်းရတာ မဟုတ်ပေမယ့်လည်း သူ့အတွက်ဝေစုလည်း အများအပြားပါဝင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် တေလာဆွစ်အနေနဲ့ သူ့ရဲ့ ဂီတဖျော်ဖြေပွဲ ခရီးစဉ် Eras Tour အပြီးသတ်သွားခဲ့ရင် ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံလောက် သိမ်းပိုက်နိုင်သွားမှာ ဖြစ်ကြောင်း ဘလွန်းဘာ့ဂ် က တွက်ချက်ခဲ့ပြီး ဒါဟာ ဝင်ငွေ အကောင်းဆုံး ဂီတ ခရီးစဉ်တစ်ခုအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။
-Ref: Justjared