ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် စုပေါင်းရှင်ပြုပွဲ ကျင်းပပြုလုပ်

မေ ၁၈၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပထမအကြိမ် စုပေါင်းရှင်ပြုပွဲအခမ်းအနားကို ရှင်သာမဏေ (၇၅)ပါးဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက် နံနက် ၇ နာရီတွင် ဘုရားကန်တော့ခြင်း၊ နတ်ပြခြင်း၊ စီတန်းလှည့်လည်ခြင်း အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ပြီး နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ဆံချခြင်းအခမ်းအနား၊ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် သင်္ကန်းတောင်းအခမ်းအနားနှင့် ရှင်အဖြစ်သို့ ရောက်ရှိခြင်းအခမ်းအနားကို ဗောဓိကုန်းကျောင်းတိုက် မိုးကုတ်ဝိပ္ပဿနာဓမ္မရိပ်သာ သြဝါဒစရိယဆရာတော် ၏ ဦးဆောင်မှူနှင့်အတူ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထို့နောက် ပါတီဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင်များသည် လယ်ဝေးမြို့၊ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဂန္တဝါစက၊ ဥပ္ပါဒသန္တိစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တဇနိန္ဒနှင့်အတူ ဆရာတော်သံဃာတော်များ၊ ရှင်သာမဏေ (၇၅)ပါးတို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ပေါက်မြိုင်ဆရာတော်ကြီးထံမှ သီလတရားတော်များ ခံယူခြင်း၊ ပါတီဥက္ကဋ္ဌမှ ရှင်ပြုပွဲနှင့်ပတ်သက်သည့် သာသနာတော်ဆိုင်ရာအချက်အလက်များ လျှောက်ထားခြင်းတို့အား ဆောင်ရွက်ပြီး လှူဘွယ်ပစ္စည်းနှင့် ဝတ္ထုငွေများဆပ်ကပ်လှူဒါန်းကာ ရေစက်ချတရားနာကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရှင်သာမဏေ (၇၅)ပါးဖြင့် ကျင်းပပြုလုပ်သည့် ပထမဦးဆုံးအကြိမ်စုပေါင်းရှင်ပြုပွဲကို နေ့လည် ၂ နာရီအချိန်တွင် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ ရွေမိုးငွေမိုးများ ရွာသွန်းပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပထမဦးဆုံးအကြိမ် စုပေါင်းရှင်ပြုပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ရှင်လောင်းများ၏ မိဘများ၊ ဦးစီးရုံးအဖွဲ့ဝင်မိသားစုများ တက်ရောက်ပါဝင်ကုသိုလ်ပြုခဲ့ပါသည်။
#USDP #Myanmar
#NaypyiTaw