အမေရိကန်သမ္မတဟောင်း နပန်းပွဲ သွားရောက်ကြည့်ရှု

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ဟာ သူအဖမ်းခံရတော့မယ့်အချိန် နီးကပ်လာပြီလို့ ပြောခဲ့ပြီးနောက် မှာပဲ စနေနေ့ညက အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့မှာကျင်းပတဲ့ နပန်းပွဲတစ်ပွဲကို တက်ရောက် ကြည့်ရှု ခဲ့ပါတယ်။ သမ္မတဟောင်း ထရမ့်ဟာ သူနဲ့လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုရှိခဲ့တယ်လို့ စွပ်စွဲထားတဲ့ လိင်အပျော်မယ် တစ်ယောက်ကို နှုတ်ပိတ်ခပေးခဲ့မှုအတွက် စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပါတယ်။

သူဟာ အဲဒီအမှုနဲ့ပတ်သက်ပြီး လာမယ့် အင်္ဂါနေ့လောက်မှာ အဖမ်းခံရနိုင်တဲ့အတွက် သူ့ကိုထောက်ခံသူတွေကို သာမန်ထက်လွန်ကဲတဲ့ ဆန္ဒဖော် ထုတ်ပွဲတစ်ခု ပြုလုပ်ကြဖို့ စနေနေ့အစောပိုင်းမှာ တိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက် စနေနေ့ညပိုင်းမှာ ထရမ့်က ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် မာ့ခ်ဝိန်း မာလ်လင် နဲ့အတူ အိုကလာဟိုးမားပြည်နယ်က နပန်းပွဲ ကို သွားရောက်ကြည့်ရှုခဲ့ပြီး သူ့ကိုထောက်ခံသူတွေနဲ့အတူ ဓာတ်ပုံတွေ ရိုက်နေတာကိုလည်း တွေ့ရပါတယ်။

ထရမ့်ရဲ့ရှေ့နေနဲ့ ပြောခွင့်ရပုဂ္ဂိုလ်တွေက အစိုးရရှေ့နေချုပ်တွေဆီက ဘာအဆက်အသွယ်မှ မရခဲ့ဘူးလို့ ပြောနေ ပေမယ့် ထရမ့်ကတော့ သူဟာ အင်္ဂါနေ့လောက်မှာ အဖမ်းခံရနိုင်ဖို့ရှိကြောင်း လူမှုကွန်ရက်ပေါ်မှာ ပို့စ်တ်တင်ခဲ့ တာဖြစ်ပါတယ်။ တကယ်လို့ စွဲချက်တင်ခံရရင်တော့ ဒါဟာ အမေရိကန် သမ္မတဟောင်းတစ်ယောက်ကို ပထမဆုံးအကြိမ် ရာဇဝတ်မှုနဲ့ အရေးယူတာဖြစ်လာမှာပါ။ ဒီအမှုဟာ အသက် ၆၇ နှစ်အရွယ် ဒေါ်လ်နယ်ထရမ့် အတွက် လတ်တလော စုံစမ်းစစ်ဆေးခံနေရတဲ့ အမှုတွေထဲက တစ်ခုဖြစ်ပြီး ထရမ့်ကတော့ အခုအချိန်အထိ ဘယ်အမှုအတွက်နဲ့မှ အရေးယူ မခံရသေးသလို သူ့အနေနဲ့ ဘာအမှားမှလည်း လုပ်မထားဘူးလို့ ငြင်းဆိုထား ပါတယ်။