မလေးရှား ကြားဖြတ်ရွေးကောက်ပွဲမှာ ဒုတိယ၀န်ကြီးချုပ်ဟောင်း အန်ဝါ အောင်ပွဲခံ

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၅

မလေးရှား ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အရင် ဒုတိယ၀န်ကြီးချုပ်ဟာ အောက်တိုဘာ ၁၄ ရက်က အောင်ပွဲခံပွဲ ကျင်းပခဲ့ပါတယ်။

ဒီလို ရွေးကောက်ပွဲ အနိုင်ရတာအတွက် အန်ဝါအီဘာဟမ်အနေနဲ့ ပါလီမန်မှာ နေရာတစ်နေရာ ကျိန်းသေ ရရှိပြီလည်း ဖြစ်ကာ လာမယ့်အစိုးရအကြီးအကဲအဖြစ်လည်း လမ်းကြောင်း ပွင့်တော့တာပဲ ဖြစ်ပါတယ်။

ဒုတိယ၀န်ကြီးချုပ်ဟောင်း အသက် ၇၁ နှစ်ရှိ အန်ဝါကို ၎င်းနဲ့ မဟာမိတ် ဖွဲ့ထားတဲ့ လက်ရှိဝန်ကြီးချုပ်ဖြစ်သူ အသက် ၉၃ နှစ် ရှိနေပြီဖြစ်တဲ့ မဟာသီယာက အစိုးရရဲ့ ထိပ်တန်းတာဝန်ကို လက်လွှဲပြောင်း ထမ်းဆောင်စေဖွယ် လည်း ရှိနေပါတယ်။

ယှဉ်ပြိုင်ဖက်ဟောင်းတွေ ဖြစ်ခဲ့ကြတဲ့ မဟာသီယာနဲ့ အန်ဝါတို့ဟာ ပြီးခဲ့တဲ့ မေလ ရွေးကောက်ပွဲမှာ ပူးပေါင်းပြီး နိုင်ငံတော်ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း 1MBD အတွင်း ငွေကြေး အလွဲသုံးစားမှုတွေနဲ့ စွပ်စွဲခံနေရတဲ့ ၀န်ကြီးချုပ် ဟောင်း နာဂျစ်ရာဇက်ကို အနိုင်ရလိုက်တာပဲ ဖြစ်ပါတယ်။

“ကျွန်တော်အနေနဲ့ မလေးရှားရဲ့ နံပတ် တစ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရင် နိုင်ငံကို အကျင့်ပျက်ခြစားမှု ကင်းတဲ့ လူတွေနဲ့ ဦးဆောင်သွားစေလိုပါတယ်။ ပြီးတော့ အစိုးရဆိုးကို မုန်းတီးသူ၊ ပြည်သူတွေကို ချစ်ပြီး ပြည်သူတွေကြား ချမ်းသာကြွယ်ဝမှုတွေ ဝေမျှပေးလိုသူတွေနဲ့ တိုင်းပြည်ကို ဦးဆောင်သွားလိုပါတယ်။”လို့ အောက်တိုဘာ ၁၃ ရက်ညမှာ အန်ဝါက ပြောခဲ့ကြောင်း နိုင်ငံပိုင် ဘာနားမားသတင်းက ထုတ်လွှင့်ခဲ့ပါတယ်။

အခု ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပဖြစ်စေတာက အန်ဝါ ပါလီမန်အတွင်း ပြန်ရောက်ရှိရေးအတွက် လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဒန်ယဲလ်ဘာလာဂိုပါက ၎င်းရဲ့ မဲဆန္ဒနယ်ကို လက်လွှတ်ပြီး နုတ်ထွက် ပေးလိုက်တာကြောင့် ကျင်းပဖြစ်လာတာပဲ ဖြစ်ပါတယ်။

Mizzima