အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်တွင် လေထုအရည်အသွေး ဆိုးဆိုးရွားရွား ကျဆင်းနေ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်တွင် လေထု အရည်အသွေးမှာ အန္တရာယ် ရှိလောက်သည့် အခြေအနေထိ ဆိုးဆိုး ရွားရွား ကျဆင်းနေကြောင်း သိရသည်။

နိုဝင်ဘာ ၇ ရက် မနက်ပိုင်းကတည်းက ဒေလီတွင် လေထု အမှုန်အမွှားများနှင့် စိုထိုင်းမှု ပေါင်းစပ်ရာမှ မြူထုကြီး ထူထူထပ်ထပ် ဖြစ်ပေါ်နေသည်။ လေသန့်စင်မှု ညွှန်ကိန်းများမှာ အလွန်အမင်း ကျဆင်းသွားပြီး မြို့ထဲတွင် မြင်ကွင်း မရှင်းလင်းသည့် အခြေအနေများလည်း ကြုံနေရကြောင်း အာဏာပိုင်များက ဆိုသည်။

ကားလမ်းများပေါ်တွင် ရှင်းလင်းစွာ မတွေ့မြင်ရသော အနေအထားကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သလို ရထားပို့ဆောင်ရေး လုပ်ငန်းများလည်း ထိခိုက်ခဲ့သည်။ မြူထူလွန်းသော ပတ်ဝန်းကျင်ကြောင့် ဒေလီ လေဆိပ်တွင်လည်း လေယာဉ်ခရီးစဉ် ၂၀ ထက်မနည်း ဆိုင်းငံ့ခဲ့ရကြောင်း သိရသည်။

ဒေလီ၏ အစိတ်အပိုင်း အများအပြားတွင် မြူထူသည့် အခြေအနေ ဆိုးဆိုးရွားရွား ကြုံနေရခြင်း ဖြစ်ပြီး မြို့ခံများ အနေဖြင့် အရေးတကြီး ကိစ္စမရှိလျှင် ပြင်ပသို့ မထွက်ရန် တာဝန်ရှိသူများက ဆော်ဩ သတိပေးထားသည်။ ဒေလီတွင် အောက်တိုဘာ ၂၀ က လေထုသန့်စင်မှု စိုးရိမ်အဆင့်ထိ တစ်ကြိမ် ရောက်ရှိဖူးသော်လည်း ယခုလောက် အခြေအနေ မဆိုးခဲ့ချေ။

ယခုလို အခြေအနေသည် အနည်းဆုံး နောက်ထပ် ၄၈ နာရီမျှ ကြာမြင့်ဖွယ် ရှိနေပြီး ကျောင်းများကို ပိတ်ထားရန်နှင့် ယာဉ်အသုံးပြုမှုကို အတတ်နိုင်ဆုံး လျှော့ချရန်လည်း အာဏာပိုင်များက တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒေလီ၏ လေထု သန့်စင်မှုသည် စိုးရိမ်အဆင့်လောက် အခြေအနေ မဆိုးသော်လည်း ညံ့ဖျင်းသည့် စံသတ်မှတ်ချက်တွင် ရှိနေခဲ့သည်။ လေထု ညစ်ညမ်းမှု အခြေအနေနှင့် ပတ်သက်၍ မြို့ခံပြည်သူများ အကြားတွင် ကြောင့်ကြပူပန်မှုနှင့် ကောလာဟလများ ပျံ့နှံ့လျက် ရှိကြောင်းလည်း သိရသည်။

Ref: Times of India