UFC ဟဲဗီးဝိတ်ချန်ပီယံသစ်ဖြစ်လာသူ ဂျွန်ဂျုံးစ် တတိယမြောက် ၀ိတ်တန်း(၂)တန်း ချန်ပီယံအဖြစ် မှတ်တမ်းဝင်

UFC 285 ပြိုင်ပွဲ၏ Main Fight ဖြစ်သည့် အမေရိကန်MMAကစားသမား ဂျွန်ဂျုံးစ်က ပြင်သစ်MMAကစားသမား စီရယ်လ်ဂန်းကို  ပထမအချီမှာပင် လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ရပြီး လစ်လပ်နေသည့် ဟဲဗီးဝိတ်တန်းချန်ပီယံ ခါးပတ်ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်း ဂျွန်ဂျုံးစ်သည် မက်ဂရီဂေါ်၊ ကော့မိုင်ယာတို့ပြီးနောက် UFC ပြိုင်ပွဲတွင် ၀ိတ်တန်း (၂)တန်းချန်ပီယံဖြစ်ဖူးသည့် တတိယမြောက်ကစားသမား ဖြစ်လာခဲ့သည်။

UFC 285 ပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ လက်စ်ဗေးဂတ်စ်ရှိ T-Mobile Arena ၌ ကျင်းပခဲ့ပြီး ဂျွန်ဂျုံးစ်နှင့် စီရယ်လ်ဂန်းတို့၏ခေါင်တွဲဆိုင်းကို တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် မွန်းလွဲ (၁၂)နာရီကျော်တွင် စတင်ယှဉ်ပြိုင် ထိုးသတ်ခဲ့သည်။

ပွဲစပြီးမကြာခင်မှာပင် ဂျွန်ဂျုံးစ်က စီရယ်လ်ဂန်းကို ကြမ်းပြင်ပေါ်သို့ လှဲချနိုင်ခဲ့ပြီး သံဇကာထောင့်တွင် လည်ပင်းကို Guillotine Choke ဖြင့် ချုပ်နိုင်ခဲ့သောကြောင့် (၂)မိနစ်၊ (၄)စက္ကန့်မှာပင် အနိုင်ရခဲ့ခြင်းဖြစ်သည်။

လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်းဖြစ်သူ ဂျွန်ဂျုံးစ်(၃၅ နှစ်)သည် ၂၀၂၀ ဖေဖော်ဝါရီနောက်ပိုင်း (၃)နှစ်အကြာတွင် တစ်ကျော့ပြန်ထိုးသတ်ခြင်းဖြစ်ပြီး ပထမဆုံးထိုးသတ်သည့် ဟဲဗီးဝိတ်တန်းပွဲစဉ်တွင် ချန်ပီယံခါးပတ်ကိုပါ ရယူနိုင်ခဲ့သည်။

ယခင်ဟဲဗီးဝိတ်တန်းချန်ပီယံဖြစ်သူ ဖရန်စစ်အန်ဂန်နူမှာ UFCနှင့် စာချုပ်ကိစ္စအငြင်းပွားမှုကြောင့် ဇန်နဝါရီတွင် ခါးပတ်ရုပ်သိမ်းခံရသဖြင့် လစ်လပ်နေသည့် ယင်းခါးပတ်အတွက် ဂျွန်ဂျုံးစ်နှင့် စီရယ်လ်ဂန်းတို့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ ဂျွန်ဂျုံးစ်သည် MMA ပရော်ဖက်ရှင်နယ်ပွဲ (၂၉)ပွဲတွင် (၂၇)ပွဲနိုင်၊ (၁)ပွဲရှုံးနိမ့်ပြီး (၁)ပွဲမှာ ရလဒ်ပယ်ဖျက်ခံထားရသည်။

ဟဲဗီးဝိတ်တန်း Interim ချန်ပီယံဟောင်းဖြစ်သူ စီရယ်လ်ဂန်း(၃၂ နှစ်)မှာမူ (၁၃)ပွဲတွင် (၁၁)ပွဲနိုင်၊ (၂)ပွဲရှုံး နိမ့်ထားပြီး ချန်ပီယံ စိန်ခေါ်ပွဲနှစ်ပွဲစလုံး ရှုံးနိမ့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် ၂၀၂၂ ဇန်နဝါရီလ(၂၂)ရက်က ယခု UFCနှင့် လမ်းခွဲထားသူ အန်ဂန်နူနှင့် ပထမဆုံး ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့် အရေးနိမ့်ခဲ့သည်။

UFC 286 ပြိုင်ပွဲကို မတ်(၁၈)ရက်တွင် လန်ဒန်မြို့ရှိ O2 Arena တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဝယ်လ်တာဝိတ်တန်းချန်ပီယံ လီယွန်အက်ဒဝပ်နှင့် ချန်ပီယံဟောင်း အူစမန်တို့၏ တတိယမြောက်မကျေပွဲကို ခေါင်တွဲဆိုင်းအဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယခင်တွေ့ဆုံမှု(၂)ကြိမ်တွင် နှစ်ဦးစလုံး တစ်ပွဲစီ အနိုင်ရရှိထားသည်။