ချဲလ်ဆီးအသင်း ဒေါ့မွန်ကို ၂ ဂိုးပြတ်နိုင်ပြီး ချန်ပီယံလိဂ်ကွာတားတက်

မနေ့ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက စတာလင်ရဲ့သွင်းဂိုးအပြင် အငြင်းပွားဖွယ်ရာ ကိုင်ဟားဗတ်စ်ရဲ့ ပင်နယ်တီသွင်းဂိုးတွေနဲ့ ဒေါ့မွန်အသင်းကို အနိုင်ရပါတယ်။

ပထအကျော့ ဒေါ့မွန်အိမ်ကွင်း ပွဲစဉ်တုန်းက ချဲလ်ဆီးက ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ၂ ပွဲပေါင်းရလဒ် ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး ကွားတာဖိုင်နယ်ကို တက်ရောက်တာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အိမ်ရှင်ချဲလ်ဆီးက ပထမအကျော့ရှုံးပွဲကို ချေပနိုင်ဖို့ တွန်းတွန်းတိုက်တိုက် ကစားခဲ့ပြီး ပထမပိုင်းတင် စတာလင်ရဲ့ အပြင်းကန်သွင်းချက်ကြောင့် အဖွင့်ဂိုးရရှိခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးတို့ ဖိအားပေးကစားရာကနေ ဂိုးဧရာထဲမှာ ဒေါ့မွန်နောက်ခံလူရဲ့ လက်နဲ့ ထိခဲ့တာကြောင့် ရရှိခဲ့တဲ့ပင်နယ်တီကို ကိုင်ဟားဗတ်စ်က သွင်းယူရာမှာ တိုင်ထိထွက်ခဲ့လို့ ဒေါ့မွန်နောက်တန်း ကစားသမား ရှင်းထုတ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပြစ်ဒဏ်ဘောမကန်ခင် ကွင်းထဲကို ဒေါ့မွန်ကစားသမားတွေ ဝင်ရောက်နေတာကြောင့် ပင်နယ်တီ ထပ်မံကန်သွင်းခိုင်းခဲ့တဲ့အတွက် ကိုင်ဟားဗတ်စ်ကပဲ အမှားအယွင်းမရှိ ပြန်လည်ကန်သွင်းပြီး ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီ့နောက် အိမ်ရှင် ချဲလ်ဆီးအသင်း ခံစစ်က အမှားအယွင်းမရှိ ကျစ်လျစ်ခဲ့တာကြောင့် ဒေါ့မွန်အသင်း ချေပဂိုးတွေ မသွင်းနိုင်ခဲ့ဘဲ ၂ ဂိုး ဂိုးမရှိနဲ့ပဲ ပွဲပြီးသွားလို့ ချဲလ်ဆီးအသင်း ကွာတားဖိုင်နယ် တက်ရောက်သွားတာ ဖြစ်ပါတယ်။