ဂျာမနီတွင် ရှိနေသည့်ကားကို စပိန်မှ အဝေးထိန်းစနစ်ဖြင့် စမ်းသပ်မောင်းနှင်

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်ရှိနေသည့် မော်တော်ယာဉ်တစ်စီးကိုစပိန်နိုင်ငံမှနေပြီး အဝေးထိန်းစနစ်ဖြင့် စမ်းသပ် မောင်းနှင်ပြမှု တစ်ခုအောင်မြင်စွာ လုပ်ပြနိုင်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၂ ရက်အထိ ကျင်းပခဲ့သည့် မိုဘိုင်းကမ္ဘာညီလာခံတွင် ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်သည့် Vay ကုမ္ပဏီမှ ပညာရှင်တစ်ဦးက မိုင်ပေါင်းထောင်ချီဝေးကွာသည့် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင်ရှိ နေသော မော်တော်ယာဉ်တစ်စီးကို အဝေးထိန်းစနစ်ဖြင့် စပိန်နိုင်ငံမှနေ၌ တိုက်ရိုက် ထိန်းချုပ်မောင်းနှင်ပြသနိုင်ခဲ့သည်။

ယင်းမှာ မိုင်ပေါင်းများစွာ ဝေးကွာသည့် နိုင်ငံဖြတ်ကျော်ပြီး အဝေးထိန်းစနစ်ဖြင့် ကားမောင်းစေသည့် စမ်းသပ်မှု တစ်ခုကို ဥရောပနှစ်နိုင်ငံတွင် အံ့ဩစွာ ချိတ်ဆက်စမ်းသပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဂျာမနီနိုင်ငံနှင့် စပိန်နိုင်ငံတို့မှာ မိုင်ပေါင်း ၁၀၀၃ ဒသမ ၇မိုင် ဝေးကွာပြီး ဘာစီလိုနာမြို့နှင့် ဘာလင်မြို့တို့မှာ မိုင်ပေါင်း ၁၁၆၄ မိုင်ဝေးကွာမှုရှိသည်။

ဂျာမနီနိုင်ငံရှိ Vay ကုမ္ပဏီအနေဖြင့် အနာဂတ်ကာလတွင်မြို့ပြသယ်ယူပို့ဆောင်ရေး စနစ်များနှင့် ပုဂ္ဂလိက ကားပိုင်ဆိုင်မှုများအတွက် မတူညီဘဲ ကွဲပြားသည့် အထောက်အပံ့ကောင်းများရရှိအောင် တီထွင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယခု Vay ကုမ္ပဏီက တီထွင်လိုက်သည့် စနစ်သည် ကိုယ်ပိုင်ယာဉ်များအနေဖြင့် မိုင်ပေါင်းထောင်ချီ ကွာဝေးသည့်နေရာမှ မိမိပိုင်ဆိုင်သည့် မော်တော်ကားကို အဝေးထိန်းစနစ်ဖြင့် ချိတ်ဆက်မောင်းနှင်နိုင်အောင် ကူညီပေးမည် ဖြစ်သည်။

“အခု ကျွန်တော်တို့ တီထွင်လိုက်တဲ့ စနစ်ကမြို့ပြတွေရဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုတွေမှာ ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်လာစေဖို့ရည်ရွယ်ထားပါတယ်။ ပြီးတော့ ယာဉ်မောင်းတစ်ဦးတည်းက တစ်နေရာတည်းကနေ ကားတွေကို တစ်စီးပြီးတစ်စီး အဝေးထိန်းစနစ်နဲ့ မောင်းနှင်နိုင်အောင် ချိတ်ဆက်ပေးထားပါတယ်။ ပြောရရင်တော့ ယာဉ်မောင်းတစ်ဦးဟာ ခရီးသည်တစ်ဦးကို ပို့ဆောင်ပြီးလို့ ကားပါကင်ထိုးရပ်နားပြီးတာနဲ့ တခြားနေရာ တစ်နေရာက ကားတစ်စီးကို ချက်ချင်းပြောင်းလဲချိတ်ဆက်ပြီး နောက်ထပ်ခရီးသည် တစ်ဦးအတွက် ဝန်ဆောင်မှု ပေးနိုင်မှာပါ။ ဒီစနစ်တွေ အကုန်လုံးကို ကျွန်တော်တို့ လျှပ်စစ်ကားတွေနဲ့ စမ်းသပ်နေပါတယ်။ အခုတော့ စမ်းသပ်နေဆဲ ဖြစ်ပါတယ်။ ဒီအဝေးထိန်းကားမောင်းစနစ်သာ အောင်မြင်ခဲ့ရင် လူတစ်ယောက်တည်းက အလုပ်တွေ အများကြီးပြီးမြောက်အောင်လုပ်နိုင်မှာပါ”ဟု Vay ကုမ္ပဏီ တွဲဖက်တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Thomas von der Ohe က ပြောသည်။  -Ref: Reuters