၂၀၂၂ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံးအနုပညာရှင် ၁၀ ဦးကို Forbes မဂ္ဂဇင်းထုတ်ပြန်

Forbes မဂ္ဂဇင်းကကြေညာသည့် ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အနုပညာရှင် ၁၀ ဦးစာရင်းတွင် အမျိုးသမီးအနုပညာရှင်က တေလာဆွစ်တစ်ဦးတည်းသာ ပါဝင်သည်။

စာရင်း၏နံပါတ်(၁၀)နေရာတွင်ရှိသူက ဝင်ငွေအမေရိကန်ဒေါ်လာ ၈၈ သန်းရခဲ့သည့်  ပွာတိုရီကိုရက်ပ်အဆိုတော် ဘတ်ဘန်နီဖြစ်ပြီး တေလာဆွစ်က ဒေါ်လာ ၉၂ သန်းဝင်ငွေဖြင့်  နံပါတ်(၉)နေရာတွင်ရပ်တည်နေသည်။ Midnights အယ်လ်ဘမ်အောင်မြင်ခဲ့သော်လည်း ၂၀၂၂ ဝင်ငွေအများစုက ယခင်နှစ်များ တွင်ထွက်ခဲ့သည့် သီချင်းများမှ ရခဲ့ခြင်းဖြစ်သည်။ ဆွစ်သည် ဝင်ငွေအကောင်းဆုံး အနုပညာရှင်စာရင်းတွင် ခြောက်ကြိမ်ပါခဲ့ပြီးဖြစ်ကာ ၂၀၁၉ ခုနှစ်တွင် စာရင်းထိပ်ဆုံးမှရှိနေခဲ့သည်။

နံပါတ်(၈)နေရာတွင် တိုင်တန်းနစ်ရိုက်ကူးသူ ဒါရိုက်တာဂျိမ်းစ်ကမ်မရွန်းက ဒေါ်လာ ၉၅ သန်းဖြင့်ရပ်တည်နေပြီး Avatar: The Way of Water ရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်မှုကြောင့်ဖြစ်သည်။

ရိုးလင်းစတုန်းစ်ရော့ခ်ဂီတအဖွဲ့က နံပါတ်(၇)၊ မင်းသားဘရတ်ပစ်က နံပါတ်(၆)၊ နာမည်ကျော် The Simpsons အန်နီမေးရှင်း ဇာတ်လမ်းတွဲထုတ်လုပ်သူနှစ်ဦးက နံပါတ်(၅)၊ South Park အန်နီမေးရှင်းဇာတ်လမ်းတွဲထုတ် လုပ်သူနှစ်ဦးက နံပါတ်(၄)၊ သရုပ်ဆောင်နှင့် ဒါရိုက်တာတိုင်လာပယ်ရီက နံပါတ်(၃)၊ တေးရေးတေးဆို Sting က နံပါတ်(၂) နေရာတွင် အသီးသီးရပ်တည်နေကာ စာရင်း၏ထိပ်ဆုံးနေရာကို ရော့ခ်ဂီတအဖွဲ့ Genesis က ရယူထားသည်။