မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားသော်လည်း ကုန်သွယ်မှုလုပ်ငန်းများ လည်ပတ်နေဆဲဟုဆို

၂၀၂၀ မတ်လမှ စတင်ကာ ကိုဗစ်ကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားသော်လည်း ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်နေကြောင်း ကလေး-တမူးနယ်စပ်ကုန်သွယ်ရေးကုန်သည်များ အသင်းမှ သိရသည်။

“အိန္ဒိယဘက်ကတော့ ခုချိန်ထိ ပိတ်ထားတုန်း။ လက်ရှိကုန်သွယ်မှုကတော့ ရှိပါတယ်။ ကွမ်းသီး အစရှိတဲ့ကုန်တွေကိုတော့ ပို့နေကြတာပဲ”ဟု ကလေး-တမူးနယ်စပ်ကုန်သွယ်ရေးကုန်သည်များ အသင်းမှ ဥက္ကဋ္ဌ ဦးလှမောင်က ပြောသည်။

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန် ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(၇၃.၀၀၀)ဖြစ်ကြောင်း သိရသည်။

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ၁၀ လကျော်ကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း( ၈ ဒသမ ၇၀ )၊ သွင်းကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(၅ ဒသမ ၅၉)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၁၄ ဒသမ ၃၀) ကုန်သွယ်မှုဝင်ငွေရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ မြေပဲဆံ၊ ကြက်သွန်နီ၊ နန့်ဖာလုံကုန်စုံနှင့် စီးကရက် (အမျိုးမျိုး)တို့ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဓါတ်မြေဩဇာနှင့် ဆံပင်တို့ ဖြစ်ကြောင်း သိရသည်။  pouluarnews