ပါတီပေါင်းစည်းညှိနှိုင်းရေးအဖွဲ့မှ မွန်ပြည်သစ်ပါတီ နုတ်ထွက်မည်

မွန်နိုင်ငံရေးပါတီများ တစ်ပါတီတည်း ပေါင်းစည်းနိုင်ရေးအတွက် မွန်ပြည်သစ်ပါတီမှ ဦးဆောင်ဖွဲ့စည်းထား သည့် ပါတီပေါင်းစည်းညှိနှိုင်းရေးအဖွဲ့မှ မွန်ပြည်သစ်ပါတီ (NMSP) နုတ်ထွက်တော့ မည်ဖြစ်ကြောင်း ညှိနှိုင်းရေး အဖွဲ့တွင် ပါဝင်သည့် မွန်ပြည်သစ်ပါတီဝင် နိုင်ဝင်းလှက ပြောသည်။

“ကျွန်တော်တို့ မျှော်လင့်ထားတဲ့ တစ်ပါတီ ဖြစ်မြောက်ရေး ရည်မှန်းချက်အတိုင်း ဖြစ်မလာဘူး၊ မွန်ဒေသက ကျွန်တော်တို့ကို အသိအမှတ်မပြုဘူး၊ ပေါင်းစည်းလိုသူတွေက ပေါင်းချင်ပေမယ့် မွန် အမျိုးသားပါတီရဲ့ ပေါင်းစည်းမှုပုံစံက လက်မခံနိုင်စရာ ဖြစ်လာပြန်တယ်၊ တစ်ဖက်နဲ့တစ်ဖက် လက်မခံနိုင်တဲ့ အခြေအနေမှာ ဘယ်လိုမှ ညှိလို့မရဘူး၊ ရည်မှန်းထားသလို ဖြစ်မလာတော့ဘူး” ဟု နိုင်ဝင်းလှက ပြောဆိုသည်။

ညှိနှိုင်းရေးအဖွဲ့မှ နုတ်ထွက်ရန်အတွက် ညှိနှိုင်းရေး အဖွဲ့ဝင်များ၏ အစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း၊ ယင်းဆုံးဖြတ်ချက်မှာ ဗဟိုအလုပ်အမှုဆောင်တို့၏ အဆုံးအဖြတ်ဖြစ်ပြီး ညှိနှိုင်းရေး အဖွဲ့ကို အစားထိုး ပြန်လည် ဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း၊ မွန်နိုင်ငံရေးပါတီ ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့ကို မွန်ပြည်သစ်ပါတီမှ ဦးဆောင်ကာ ဖွဲ့စည်းထားခဲ့သည့်အတွက် ယခုကဲ့သို့ နုတ်ထွက်လိုက် ရခြင်းအပေါ် မွန်ပြည်သစ်အပေါ် မွန်လူမျိုးတို့ ယုံကြည်မှုတစ်စုံတစ်ရာ ထိခိုက်လာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ညှိနှိုင်းပေါင်းစည်းရေးအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ယခု ၂၀၁၇ ခုနှစ်ကုန်တွင် မွန်တစ်မျိုးသားလုံး ဆိုင်ရာညီလာခံ ပြုလုပ်မည်ဖြစ်ကြောင်း၊ ယင်းညီလာခံမှ ပြည်သူများ၏ ရွေးချယ် တင်မြှောက်မှုဖြင့် မွန်နိုင်ငံရေး ပါတီတစ်ခု ထွက်ပေါ်လာနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ညှိနှိုင်းပေါင်းစည်းရေးအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း ရန်ရှိကြောင်း ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး မီဒီယာပြန်ကြားရေး တာဝန်ခံ နိုင်စိုးအောင်က ပြောကြားသည်။

ယခုလက်ရှိ ဖွဲ့စည်းထားသည့် ညှိနှိုင်းပေါင်းစည်းရေးအဖွဲ့တွင် မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သည့်အဖွဲ့နှင့် ပညာရှင်များ ပူးပေါင်းဖွဲ့စည်းထားကြောင်း သိရသည်။

# The Voice