မြောက်အမေရိကမှာ ပျံသန်းနေတဲ့ စတုတ္ထမြောက်အရာဝတ္ထုကို ကန်စစ်ဘက်ပစ်ချ

အမေရိကန်စစ်ဘက် က မြောက်အမေရိက ဝေဟင်မှာ ပျံသန်းနေတဲ့ နောက်ထပ်အရာဝတ္ထုတစ်ခုကို တနင်္ဂနွေနေ့က ပစ်ချလိုက်ပြီး ဒါက ဒီလအတွင်းမှာ လေးကြိမ်မြောက် ပစ်ချမှု ဖြစ်ပါတယ်။

ကနေဒါနိုင်ငံနဲ့ နယ်စပ်အနီးက ဟူရွန် ရေကန်နားမှာ  အမည်မသိအရာဝတ္ထု ပစ်ချဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က အမိန့်ပေးခဲ့ပါတယ်။

အဲဒီ အရာဝတ္ထုက အမြင့်ပေ ၂၀၀၀၀ မှာ ပျံသန်းနေတာကြောင့် ခရီသည်တင်လေယာဉ်တွေ ပျံသန်းမှုကို  အနှောက်အယှက် ဖြစ်စေနိုင်ကြောင်း ကန်စစ်ဘက်ပင်တဂွန်ရုံး က ထုတ်ပြန်ခဲ့ပါတယ်။

စနေနေ့က မွန်တာနာပြည်နယ် စစ်စခန်းတွေပေါ်မှာ အဲဒီ အရာဝတ္ထုသစ်ကို  စတင်တွေ့ရှိခဲ့တယ်လို့ ပင်တဂွန် က ဆက်ပြောပါတယ်။

စစ်ဘက်ဆိုင်ရာအန္တရာယ် မရှိဘူးလို့ သတ်မှတ်ခဲ့ပြီး လူလိုက်ပါခြင်းမရှိတဲ့ ရှစ်ထောင့်ပါ အရာဝတ္ထုကို ဒေသ စံတော်ချိန် နေ့လယ် ၂ နာရီ နဲ့ ၄၂ မိနစ်မှာ အက်ဖ်-၁၆ တိုက်လေယာဉ်တစ်စီးက ဒုံးကျည် နဲ့ ပစ်ချလိုက်တာ ဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၄ ရက် က တောင်ကယ်ရိုလိုင်းနားပြည်နယ်ကမ်းလွန်မှာ မသင်္ကာဖွယ်ရာ တရုတ် မိုးပျံပူဖောင်းတစ်လုံးကို အမေရိကန်ပိုင်နက်ပေါ်မှာ စစ်ဘက်က ပစ်ချခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁၀ ၊ ၁၁ နဲ့ ၁၂ ရက်တွေမှာ ကနေဒါနဲ့ အမေရိကန် ဝေဟင်မှာ ပျံသန်းနေတဲ့ အရာဝတ္ထုတွေကို ဆက်တိုက်တွေ့ရှိခဲ့ကာ ပစ်ချခဲ့ရပါတယ်။

အဲဒါတွေက ဘယ်လို အရာတွေလဲဆိုတာကို တာဝန်ရှိသူတွေက လူသိရှင်ကြား မပြောသေးဘဲ ပစ်ချခဲ့တဲ့ အရာဝတ္ထုအစိတ်အပိုင်းတွေကို ပြန်လည်ရယူရေး အမေရိကန်နဲ့ ကနေဒါ က ကြိုးစားနေကြဆဲဖြစ်ပါတယ်။

-Ref:BBC