ဆီးရီးယားတွင် ကူးစက်ရောဂါများဖြစ်နိုင်ခြေ မြင့်တက်

ငလျင်ဒဏ်ခံထားရတဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ကူးစက်ရောဂါတွေ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့ ထိပ်တန်းအရာရှိ ရစ်ချက်ဘရန်နန်က တနင်္ဂနွေနေ့က ပြောကြားလိုက် ပါတယ်။ ဆီးရီးယားနိုင်ငံဟာ ငလျင်ဘေးမကြုံရခင်ကတည်းက ကာလဝမ်းရောဂါနဲ့ ဝက်သက်ရောဂါ ကူးစက်မှု တွေဖြစ်ပွားနေတာပါ။

ဒါကြောင့် ကူးစက်ရောဂါတွေကို ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ မစ္စတာ ရစ်ချက် ဘရန်နန် ကပြောပါတယ်။ ဆီးရီးယားနိုင်ငံမြောက်ပိုင်းနဲ့ အိမ်နီးချင်း တူကီယဲနိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့ တနင်္လာနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၈ အဆင့်ရှိ အင်အားပြင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူအရေအတွက် ၃၃,၀၀၀ ကျော်အထိ ရှိသွားပြီဖြစ်ပါတယ်။

ငလျင်လှုပ်ခတ်ပြီး တစ်ပတ်အကြာ ရှိလာချိန်မှာတော့ ကယ်ဆယ်ရေး အစီအစဉ်တွေကို လျော့ချတော့မှာ ဖြစ်ပါတယ်။ WHO အဖွဲ့တစ်ဖွဲ့ဟာ ဆီးရီးယား အနောက်မြောက်ပိုင်းက သူပုန် အဖွဲ့တွေရဲ့ ခွင့်ပြုချက်ရတာနဲ့  အဲဒီဒေသတွေကို သွားရောက်ကူညီဖို့ အသင့်ပြင်ဆင်ထားတယ်လို့လည်း မစ္စတာ ဘရန်နန်က ပြောပါတယ်။ လက်ရှိမှာတော့ အစ်(ဒ်)လစ်ပြည်နယ်ကို ထိန်းချုပ်ထားတဲ့ အယ်လ်ကိုင်းဒါအဖွဲ့ခွဲ တစ်ဖွဲ့ရဲ့ ပိတ်ပင်တားဆီးမှု တွေကြောင့် အစိုးရထိန်းချုပ်ထားတဲ့နေရာကနေပို့တဲ့ ကုလသမဂ္ဂ ထောက်ပံ့ရေး ယာဉ်တန်းတွေ ရပ်ဆိုင်းထားရ ပါတယ်။