အူဘာ မောင်းသူမဲ့ကားဖြင့် တိုက်မိပြီး အမျိုးသမီးတဦး သေဆုံး

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာ မတ်လ ၁၉ ရက်နေ့က အူဘာ (Uber) မောင်းသူမဲ့ ကားတစီးနဲ့ တိုက်မိပြီး အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။

အရီဇိုးနားပြည်နယ် တမ်ပီမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ မောင်းသူမဲ့ကားကြောင့်     ပထမဦးဆုံးအကြိမ် လူသေမှု ဖြစ်ပါတယ်။

ဒီ့အတွက် အူဘာကုမ္ပဏီက အမေရိကန်ရှိ ပြည်နယ်တချို့နဲ့ ကနေဒါမှာ စမ်းသပ်နေတဲ့ မောင်းသူမဲ့ ကားအစီအစဉ်တွေကို ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

တနင်္ဂနွေ ညသန်းခေါင်ကျော်အချိန်မှာ ကားဟာ အလိုလျောက်စနစ်နဲ့ မောင်းနှင်နေချိန် အခုလို ယာဉ်တိုက်မှု ဖြစ်ခဲ့တာလို့ တမ်ပီရဲဌာနက ပြောပါတယ်။

ဒီအတွက် မြောက်အမေရိကမှာ အလိုအလျောက် မောင်းနှင်မှုစနစ် စမ်းသပ်မှုကို ရပ်ဆိုင်းထားခဲ့ပြီး အခုဖြစ်ရပ်အတွက် ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်သွားမယ့်အကြောင်း အူဘာ နည်းပညာကုမ္ပဏီ တာဝန်ရှိသူတဦးက ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

-Ref; DVB News