ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ တိုင်းရင်းသား စာပေ ယဉ်ကျေးမှု အဖွဲ့များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် တောင်ကြီးမြို့နယ် ပါတီရုံးခန်းမတွင်ပြုလုပ်သော ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ တိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့ (၈)ဖွဲ့ နှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌမှ နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားရာ ” ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲမသမာမှု အချက်အလက်များနှင့် အကြောင်းအရာများကိုလည်းကောင်း၊ တစ်နိုင်ငံတည်း တစ်မြေတည်းနေ တစ်ရေတည်း သောက်ကြသည့် တိုင်းရင်းသားများဖြစ်ကြသည့်အတွက် မလိုသူတို့၏သွေးထိုးမှုများကို နားမယောင်ကြရန်နှင့် အချင်းချင်းသွေးစည်းညီညွတ်ကြရန်၊ လာမည့်ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စည်းလုံး ညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် ” ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာသော တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့များမှ ” အဖွဲ့အစည်း ဖြစ်ပေါ်လာမှု၊ တည်ထောင်မှု၊ လိုအပ်ချက်အခက်အခဲများနှင့် ဆောင်ရွက်နေမှုများ ” အား ဆွေးတွေးတင်ပြခဲ့သည်။ အစီအစဉ် အရ ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အနေဖြင့် တင်ပြဆွေးနွေးမှုများကို ပြန်လည်ဖြေကြားရာ ” ယခုလို တွေ့ဆုံရသည့်အတွက် တိုင်းရင်းသားစာပေ ယဉ်ကျေးမှု အဖွဲ့များကို ကျေးဇူးတင်ပါကြောင်း၊ လိုအပ်ချက်များ ကိုလည်း ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် ချိတ်ဆက်၍ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ပါတီ အနေဖြင့် ယခုစာပေ ယဉ်ကျေးမှု အဖွဲ့များနှင့် စဉ်ဆက်မပြက် ထိတွေ့ဆက်ဆံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ” ပြောကြားခဲ့ပြီး ပါတီဥက္ကဋ္ဌနှင့် ပြည်နယ်ပါတီဥက္ကဋ္ဌတို့မှ အမှတ်တရလက်ဆောင်များပေးအပ်ကာ စုပေါင်းဓာတ်ပုံရိုက် ခဲ့ကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ရှမ်းပြည်နယ် (တောင်ပိုင်း) ပါတီဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့် တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့ (၈)ဖွဲ့မှ တာဝန်ရှိသူများ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။

#USDP #Myanmar

#Shan(South)