အနောက်သည် ရုရှားနိုင်ငံကို ဖြိုခွဲရန် ကြိုးစားနေသည်ဟု သမ္မတဗလာဒီမာပူတင် ထုတ်ဖော်ပြောကြား ယူကရိန်းစစ်ဆင်ရေးမှာ ရုရှားပြည်သူများ စည်းလုံးညီညွတ်စေရန် ရည်ရွယ်သည်ဟု အကြောင်းပြ

အနောက်သည် ရုရှားနိုင်ငံကို ဖြိုခွဲရန် ကြိုးစားနေသည်ဟု အမျိုးသားရုပ်သံမှ ထုတ်လွှင့်သော တွေ့ဆုံ မေးမြန်းခန်းတွင် သမ္မတဗလာဒီမာပူတင်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ယူကရိန်းတွင် ၎င်းလုပ်ဆောင် နေသော ထိုးစစ်သည် ရုရှားပြည်သူများ စည်းလုံးညီညွတ်စေရန် ရည်ရွယ်သည်ဟု ပြောကြားသည်။ ယူကရိန်းများနှင့် ရုရှားများသည် တစ်မျိုးတည်းသော ပြည်သူများဖြစ်သည်ဟု ပြောဆိုရန် ပူတင်က သမိုင်းအစဉ်အလာရှိသော ရုရှားဟူသည့် အယူအဆကို အသုံးပြုလျက်ရှိသည်။ ထိုအယူအဆက ယူကရိန်း၏ အချုပ်အခြာအာဏာကို လျော့ပါးစေပြီး ယူကရိန်းတွင် ၎င်း၏ ၁၀ လကြာထိုးစစ်မှာ တရားမျှတသည်ဟူသော အယူအဆဖြစ်သည်။ ရုရှား၏ ပထဝီဝင်ဆိုင်ရာ ပြိုင်ဘက်များသည် သမိုင်း အစဉ်အလာ ရှိသောရုရှားကို ဖြိုခွဲရန် ရည်ရွယ်နေကြသည်ဟု ၎င်းက ပြောကြားသည်။ “သွေးခွဲတာနဲ့ သိမ်းပိုက် စိုးမိုးတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့က ပြီးမြောက်အောင်မြင်ဖို့ အမြဲတမ်းကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်ဖို့လည်း နည်းလမ်းရှာနေကြဆဲဖြစ်ပါတယ်” ဟု ပူတင်က ဖြည့်စွက် ပြောကြားသည်။ “ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ကွဲပြားခြားနားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဟာ ရုရှားပြည်သူတွေကို စည်းလုံးညီညွတ်စေဖို့ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ ပူတင်က ၎င်း၏အစိုးရသည် မှန်ကန်သော လမ်းကြောင်းအတိုင်း လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး မိမိတို့၏ အမျိုးသားအကျိုးစီးပွားများ၊ မိမိတို့နိုင်ငံသားများ၏  အကျိုးစီးပွားများ၊ မိမိတို့ပြည်သူလူထု၏အကျိုးစီးပွားများကို အကာအကွယ်ပေးနေသည်ဟု ပြောကြားသည်။

ရုရှားသည် စေ့စပ်ဆွေးနွေးရန် အဆင်သင့်ဖြစ်နေသည်ဟု ၎င်းက ထပ်လောင်းပြောကြားလိုက်ပြီး အမေရိကန်ပြည်ထောင်စုက ယူကရိန်းထံ လေကြောင်းကာကွယ်ရေးစနစ်သစ်ပေးပို့မည့်အကြောင်းကို မေးမြန်းသည့်အခါ ၎င်းက မစိုးရိမ်ကြောင်း ဖြေကြားခဲ့သည်။ “ကျွန်တော်တို့က အဲ့ဒီလေကြောင်းကာ ကွယ်ရေးစနစ်သစ်ကို ဖျက်ဆီးပစ်မယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်းသေချာပါတယ်” ဟု အမေရိကန်က ယူကရိန်းကို ပေးမည်ဟု ကတိပြုထားသော Patriot ဒုံးကျည်ကို ရည်ညွှန်း၍ ပူတင်က ပြောကြားခဲ့သည်။

ရုရှားက မိမိ၏ တောင်ပိုင်းလေတပ်အခြေစိုက်စခန်းကို ချဉ်းကပ်လာသည့် ဒရုန်းတစ်ခုကို ပစ်ချခဲ့သည်ဟု ဒီဇင်ဘာ ၂၆ ရက်တွင် ရုရှားသတင်းဌာနများက ဖော်ပြခဲ့သည်။ ပစ်ချခဲ့သည့် ဒရုန်းမှ အပျက်အစီးများ ထိမှန်သဖြင့် လူသုံးဦးသေဆုံးသွားသည်ဟု ဆိုသည်။ ယခုတိုက်ခိုက်မှုသည် ယခုလအတွင်း Engels ကို ဒုတိယအကြိမ်တိုက်ခိုက်မှုဖြစ်သည်ဟု သိရသည်။ Engels လေတပ်အခြေစိုက်စခန်းသည် ယူကရိန်းမှ ၃၇၀ မိုင်အကွာ တောင်ပိုင်းဆာရာတော့ဗ်ဒေသတွင် တည်ရှိသော လေတပ်အခြေစိုက်စခန်းဖြစ်ကြောင်း သိရသည်။ဒီဇင်ဘာ ၂၆ ရက် မော်စကိုစံတော်ချိန် နံနက် ၁ နာရီ ၃၅ မိနစ်တွင် ယူကရိန်းဒရုန်းကို အနိမ့်ပိုင်းတွင် ပစ်ချခဲ့ကြောင်း၊ အဆိုပါဒရုန်းသည် စစ်ဘက်လေတပ်စခန်းကို ချဉ်းကပ်လာသည်ဟု ဆိုသည်။