တရုတ်၏ ခြိမ်းခြောက်မှုများကိုရင်ဆိုင်ရန် ဂျပန်က ကာကွယ်ရေးပြုပြင်ပြောင်းလဲမှုများကို ကြေညာဖွယ်ရှိ

တရုတ်၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖြေရှင်းရန် ဂျပန်က ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး ကာကွယ်ရေး ပြုပြင်ပြောင်းလဲမှုကို ယခုသီတင်းပတ်အတွင်း ကြေညာဖွယ်ရှိနေပြီး ၎င်း၏ အသုံးစရိတ်ကို မြှင့်တင်ခြင်း၊ စစ်တပ်အား စီမံကွပ်ကွဲမှုကို ပြန်လည်ပုံဖော်ခြင်းနှင့် ဒုံးကျည်အသစ်များ ရယူပိုင်ဆိုင်ခြင်း တို့ကို ပြုလုပ်နေသည်။ ကာကွယ်ရေးနှင့် လုံခြုံရေးမှတ်တမ်းသုံးခုကို အလေးထားဖော်ပြမည့် ယင်းမူဝါဒ များကို ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာဖွယ်ရှိနေ ပြီး ယင်းမူဝါဒများသည် ဒုတိယကမ္ဘာစစ်အပြီးတွင် စစ်တပ်ဖွဲ့စည်းမှုကို တရားဝင် အသိအမှတ်ပြုခြင်းမရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲထားသည့် ဂျပန်၏ ကာကွယ်ရေးအနေအထားကို ပြန်လည်ပုံဖော်မည်ဖြစ်သည်။ “အခုလို ဆိုးရွားတဲ့ လုံခြုံရေး ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းဆောင်ရည်တွေကို အခြေခံအားဖြင့် တိုးမြှင့်တာဟာ စိန်ခေါ်မှုအရှိဆုံးဖြစ်ပါးတယ်။ လာမယ့် ငါးနှစ်အတွင်း ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းဆောင်ရည် တွေကို တိုးမြှင့်သွားမှာပါ”ဟု ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများမှအစ ယူကရိန်းကို ရုရှား၏ ကျူးကျော်မှု အဆုံး ယင်းဖြစ်စဉ်များမှ ခြိမ်းခြောက်မှုများ အပါအဝင် တရုတ်၏ မြင့်တက်နေသည့် စစ်အင်အားနှင့် ဒေသတွင်း အရှိန်အဝါကြီးမားမှုများအပေါ် ဂျပန်၏ စိုးရိမ်ထိတ်လန့်မှုများ၏ ရလဒ်အနေဖြင့် ယင်းကဲ့သို့ ကာကွယ်ရေးဆိုင်ရာ မူဝါဒ အပြောင်းအလဲ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယင်းမူဝါဒအသစ်များအနက် အဓိက အချက်မှာ ၂၀၂၇ ခုနှစ်တွင် ဂျပန်သည် နိုင်ငံ့ ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ် အဖြစ်သုံးစွဲသွားမည်ဟု ကတိပြုခဲ့ခြင်း ဖြစ်ပြီး ယင်းအနေအထားအရ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်နှင့် တစ်တန်းတည်းဖြစ်သွားမည်ဖြစ်သည်။ ယင်းသည် ကာကွယ်ရေးအသုံးစရိတ် တစ်ရာခိုင်နှုန်းခန့်မှ သမိုင်းဝင် မြှင့်တင်မှုတစ်ခုဖြစ်လာမည်ဖြစ်ပြီး ယင်းအသုံးစရိတ်တိုး မြှင့်မှုအတွက် မည်ကဲ့သို့ ငွေကြေးမတည်သွားမည်ဆိုခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ယင်းကာကွယ်ဆေး အသုံးစရိတ်အတွက် ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်မှုအပါအဝင်ဂျပန်အပေါ် ခြိမ်းခြောက် သည့် နေ ရာများကို တိုက်ခိုက်နိုင်စွမ်းဖြစ်သည့် ဂျပန်၏အဆို “တန်ပြန်တိုက်ခိုက်နိုင်စွမ်း” ကို ရရှိ ပိုင်ဆိုင်မှု အပါအဝင် စီမံကိန်းအများအပြား မှ ငွေကြေးထောက်ပံ့ပေးသွားမည် ဖြစ်သည်။ ယင်းလုပ်ဆောင်မှုသည်ဂျပန်၏ မိမိ ကိုယ်ကိုယ်ကာကွယ်ရေးအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကန့်သတ် ချက်ကို ချိုးဖောက်ခြင်း ရှိ မရှိ အငြင်းပွားမှုများကြောင့် ဂျပန်သည် ယခင်က ယင်းစွမ်းဆောင်ရည်ကို ရရှိ ပိုင်ဆိုင်စေရန် လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ အငြင်းပွားဖွယ်အချက်တစ်ခုအနေဖြင့်  ပြောင်းလဲမည့် မူဝါဒ မှတ်တမ်းများတွင် ဂျပန်သည် မိမိကိုယ်ကိုယ်ကာကွယ်ရေးအပေါ် အခြေခံသည့် လုံခြုံရေးမူဝါဒကိုသာ ဆက်လက်ကျင့်သုံးမည်ဖြစ်ပြီး စစ်ရေးအင်အားကြီးသည့် နိုင်ငံဖြစ်လာမည်မဟုတ်ကြောင်း ဖော်ပြသွား မည် ဖြစ်သည်။ ဂျပန်သည် တာဝေးပစ်ဒုံးကျည်များကို ပြည်တွင်းတွင်ထုတ်လုပ်ရန်စဉ်းစားနေပြီး အမေရိကန်လုပ် Tomahawk ခရုဇ်ဒုံးကျည်များကို ဝယ်ယူရန်စဉ်းစားနေသည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။