ဆွစ်ဇာလန်ဆေးဝါးကုမ္ပဏီကြီး Novartis ၏ ဆီးကျိတ်ကင်ဆာ ကုသနည်းအသစ်ကို ဥရောပသမဂ္ဂ (အီးယူ) က အတည်ပြု

ဥရောပသမဂ္ဂ (အီးယူ)က Novartis ၏ အဆင့်မြင့်ကင်ဆာကျိတ်ကုသနည်းအသစ်ကို အတည်ပြုလိုက် သည်  ဟု ဆွစ်ဇာလန် ဆေးဝါးကုမ္ပဏီဖြစ်သော Novartis က ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်လိုက်သည်။

Pluvicto ဟု ခေါ်သည့် ကုသနည်းကို ဆီးကျိတ်ကင်ဆင်ပျံ့နှံ့နေသော လူကြီးလူနာများအတွက် ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်ဟု Novartis က ဖော်ပြထားသည်။ ၂၀၂၂ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဆီးကျိတ်ကင်ဆာရောဂါဖြစ်ပွားသောလူနာသစ် ၁ ဒသမ ၄ သန်းကျော်ရှိနေပြီး ၃၇၅, ၀၀၀ သေဆုံးထား သည်ဟု ယင်းကုမ္ပဏီက ဖော်ပြသည်။

ဆီးကျိတ်ကင်ဆာသည် ၁၁၂ နိုင်ငံတွင် အမျိုးသားများ၌ မကြာမကြာ ရှာတွေ့သော ကင်ဆာရောဂါ ဖြစ်သည် ဟုလည်း ထုတ်ပြန် ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။ ကျန်းမာရေးအာဏာပိုင်များက အဆိုပါကုထုံးသစ်ကို မတ်လတွင် အမေရိကန်ပြည်ထောင်စု၌ အတည်ပြုခဲ့ပြီး ဗြိတိန်၊ ကနေဒါ တို့ကလည်း အသိအမှတ်ပြုထားသည်ဟု သိရသည်။ ဥရောပသမဂ္ဂ၏ အသိအမှတ်ပြုမှုသည် ကုသနည်းအနည်းငယ်သာ ရှိသောအဆင့် မြင့်ဆီးကျိတ်ကင်ဆာဖြစ်ပွားနေသည့် လူနာများအတွက် အဓိက သမိုင်းမှတ်တိုင် ဖြစ်သည် ဟု Novartis ၏ ဥရောပဥက္ကဋ္ဌဟာဆက်အာမက်က ပြောကြားသည်။ အခြားကုသနည်းနှစ်မျိုးဖြင့် ကုသမှု ခံယူနေသော လူနာများအတွက်လည်း ယခုကုထုံးကို ဥရောပကော်မရှင်ကအတည်ပြုပေး လိုက်ခြင်း ဖြစ်သည်။ အခြားဆီးကျိတ်ကင်ဆာကုထုံးများမှာ androgen receptor pathway inhibition နှင့် taxane-based ကင်ဆာဆေးပေးခြင်းတို့ဖြစ်သည်ဟု ဆိုသည်။

ယခုအတည်ပြုမှုသည် အဆင့်သုံးစမ်းသပ်မှုကို အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ် သည်ဟုသိရသည်။ အဆိုပါစမ်းသပ်မှုတွင် လူနာ ၈၃၁ ဦးပါဝင်ခဲ့သည်ဟု Novartis က ဖော်ပြခဲ့သည်။ ၎င်းတို့ကို စမ်းသပ်ကုသ ရာ တွင် လက်တလောကုသနည်းများနှင့် နှိုင်း ယှဉ်ပါက သေဆုံးမှုအန္တရာယ် ၃၈ ရာခိုင်နှုန်း လျော့ကျသွား သည်ကို တွေ့ရသည်။ ဆွစ်ဇာလန်ဆေးကုမ္ပဏီကြီးဖြစ်သော Novartis သည် ဆီးကျိတ်ကင်ဆင် အစောပိုင်းအဆင့်များကို ယခုကုသနည်းသုံး၍ ကု သမည့်အလားအလာကို လေ့လာနေသည်ဟု ဆိုသည်။

ဆီးကျိတ်ကင်ဆာဖြစ်ပွားသော အမျိုးသား ၉၀ ရာခိုင်နှုန်းကျော်သည် ကုသမှုခံယူပြီးနောက် အသက်ငါးနှစ် သို့မဟုတ် ထို့ထက် ပိုရှည်သည်ကို တွေ့ရသည်။

ထို့ကြောင့် ဆီးကျိတ်ကင်ဆာသည် ကုသရအလွယ်ဆုံး ကင် ဆာရောဂါတစ်မျိုးဖြစ်သည်ဟု သိရသည်။ Novartis သည်ဆွစ်ဇာလန်နိုင်ငံတွင် အခြေစိုက်သည့် ကမ္ဘာ့လုံးဆိုင်ရာဆေးဝါးကုမ္ပဏီဖြစ်ကာ ဆေးဝါး များ၊ ကုသနည်းများကို တီထွင်နေသော ကုမ္ပဏီတစ်ခု ဖြစ်သည်။ ဗီတာမင်ဒီချို့တဲ့ခြင်း၊ ကယ်လ်ဆီယမ် ချို့တဲ့ခြင်းတို့အတွက်လည်း Novartis က ဆေးပြားများ ထုတ်လုပ်ရောင်းချလျက် ရှိကြောင်း သိရသည်။ ယခုဆီးကျိတ်ကင်ဆာ ကုသနည်းအသစ်မှာ ဓာတ်ရောင်ခြည် ဖြင့် ကုသခြင်း၊ သွေးထိုးဆေးသွင်း ကုသနည်းဖြစ်သည်ဟု ယင်း ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။