လျှပ်စစ်ကားနဲ့ အားသွင်းနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး လျှပ်စစ် လေယာဉ်

အမေရိကန် အင်ဂျင်နီယာ ကျောင်းသား Remy Oktay က လျှပ်စစ်ကားနဲ့ အားသွင်းနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး လျှပ်စစ် လေယာဉ်ကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်လိုက်ပါတယ်။ လျှပ်စစ် လေယာဉ်ရဲ့ အမည်က Pipistrel Alpha Electro ဖြစ်ပြီး Oktay ဟာ နောက်တစ်ကြိမ် ပျံသန်းမှု အနေနဲ့ ကွန်နက်တီကတ်က ဟာ့ဒ်ဖို့ဒ်ကနေ ပင်ဆဲဗေးနီးယားက အီစ်တန်ကို ပျံသန်းမှာပါ။

ဒါပေမယ့် မိုင် ၁၅၀ အကွာအဝေး ရှိတဲ့ ခရီးစဉ်အတွက် လေဆိပ် ၂ ခု စလုံးမှာ အားသွင်းစက်တွေ မရှိပါဘူး။ အဲဒီ  အကွာအဝေးကို ပျံသန်းဖို့ လေယာဉ်ကို ၃ ကြိမ် အားသွင်းရမှာပါ။ လေယာဉ်မှာ 21 kWh ဘက်ထရီ တပ်ဆင်ထားပြီး လေယာဉ် ပျံသန်းမှု ဥပဒေ အရ ဆင်းသက်တဲ့ အချိန်မှာ မိနစ် ၃၀ ဘက်ထရီအား ကျန်ရမှာပါ။

အဲဒီ ပြဿနာအတွက် Oktay ဟာ Ford F-150 Lightning လျှပ်စစ်ကားကို Portable Generator အဖြစ် အသုံးပြုကာ လေယာဉ်ကို အားသွင်းမှာ ဖြစ်ပါတယ်။ Oktay က “ လျှပ်စစ်လေယာဉ်ကို Lightning ကား ၂ စီးနဲ့ အောင်မြင်စွာ အားသွင်းနိုင်ပါပြီ။ အကြိမ်များစွာ အားသွင်းတာကို စမ်းသပ်ပြီးပြီ ဖြစ်တဲ့အတွက် ယုံကြည်မှု ရှိပါတယ်။ “ လို့ ပြောပါတယ်။

လျှပ်စစ်ကားတွေရဲ့ ဘက်ထရီတွေဟာ စွမ်းရည် မြင့်မားလာကြပြီး နေအိမ်တွေ၊ အိမ် အသုံးအဆောင်ပစ္စည်းတွေကို အားသွင်းပေးနိုင်လာကြပါပြီ။ အခုတော့ လျှပ်စစ် လေယာဉ်ကိုတောင် အားသွင်းပေးနိုင်တဲ့အထိ ဖြစ်လာပါပြီ။

Ref : interestingengineering