မြန်မာနိုင်ငံမှ အရည်အသွေးမြင့်ရေထွက်ပစ္စည်းများ တရုတ်နိုင်ငံစျေးကွက်သို့ ဝင်ရောက်ရေး တိုးမြှင့်လိုကြောင်း တရုတ်စီးပွားရေးသံမှူး ပြောကြား

မြန်မာနိုင်ငံမှ အရည်အသွေးမြင့် ရေထွက်ပစ္စည်းများ တရုတ်နိုင်ငံစျေးကွက်သို့ ဝင်ရောက်ရေး တိုးမြှင့်လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစီးပွားရေးသံမှူး Mr.Tan Shufu က ပြောကြားသည်။ နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ တနင်္သာရီတိုင်း မြိတ်မြို့၌ ကျင်းပသည့် တရုတ်-မြန်မာ ရေထွက်ပစ္စည်း ပူးပေါင်းဆောင်ရွက်မှု ကူးလူးဖလှယ်ရေး ဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးစီးပွားရေးသံမှူးက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနှင့်ပူးပေါင်းဆောင်ရွက်မှုကို အမြဲတစေအလွန်အလေးထားကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏အကြီးမားဆုံး စိုက်ပျိုးရေးထွက်ကုန် ရင်းနှီးမြှုပ်နှံ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံရေထွက်ပစ္စည်းများ တင်ပို့မှု၏ အရေးပါစျေးကွက်လည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူလက်တွဲ၍ မြန်မာနိုင်ငံရေထွက်ပစ္စည်းများ တရုတ်နိုင်ငံသို့တင်ပို့ရေးဆိုင်ရာ လုပ်ငန်းများကို ဖော်ဆောင်ပြီး ပိုများသော အရည်အသွေးမြင့်မြန်မာရေထွက်ပစ္စည်းများ တရုတ်နိုင်ငံစျေးကွက်သို့ ဝင်ရောက်ရေး တိုးမြှင့်လိုကြောင်း၊ ကုန်သွယ်ရေးဖြင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်၍ နှစ်ဦးနှစ်ဖက်က ရေထွက်ကုန်ပစ္စည်းကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာဖော်ဆောင်မှု၊ လူပုဂ္ဂိလ်ကူးလူးဖလှယ်မှုအပိုင်းကို အဆက်မပြတ်နက်ရှိုင်းစေကာ မြန်မာနိုင်ငံပြည်သူများဝင်ငွေတိုး၍ လုပ်ငန်းခွင်ဝင်ရောက်ရေးအတွက် ပိုများသည့်အခွင့်အလမ်းများ တိုးချဲ့ပေး၍ နှစ်နိုင်ငံပြည်သူများ အကျိုးခံစားရစေပြီး မြန်မာနိုင်ငံစီးပွားရေး ပြည်သူလူ နေမှုဘဝတိုးတက်ရေးကို ကူညီမြှင့်တင်ပေးလိုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက တနင်္သာရီတိုင်းသည် ရေထွက်ကုန်ပစ္စည်းအရင်းအမြစ် ပေါကြွယ်ဝ၍ ရေထွက်ကုန်လုပ်ငန်းသည် အဓိကမဏ္ဍိုင်လုပ်ငန်းဖြစ်ကြောင်း၊ ဒေသခံများက အစိမ်းရောင်ရေထွက်ကုန်ပစ္စည်း မွေးမြူရေးလုပ်ငန်းကို ကြိုးပမ်းဖော်ဆောင်လျက်ရှိပြီး လက်ရှိတွင် အရည်အသွေးကောင်းမွန်သော မွေးပုစွန်ဖြူ၊ ကကတစ်ငါး၊ ကဏန်းပျော့စသည့် မွေးမြူရေး ရေထွက်ပစ္စည်း အများအပြားထုတ်လုပ်နိုင်ကြောင်း၊ အဆိုပါရေထွက်ပစ္စည်းများသည် တရုတ်နိုင်ငံစျေး ကွက်အတွင်းသို့ ဆောလျင်စွာဝင်ရောက်နိုင်ပြီး နှစ်ဦးနှစ်ဖက်လုပ်ငန်းကုမ္ပဏီများက ပုစွန်မွေးမြူရေးကန်၊ သားလောင်းကန်၊ အစာစက်ရုံစသည့်စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို တိုက်တွန်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ source:elevennews