ရုရှားနှင့် လက်နက်အရောင်းအဝယ်မရှိဟု မြောက်ကိုရီးယား ငြင်းဆို

ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားက ရုရှားအား အမြောက်ကျည်များပေးပို့နေသည်ဆိုသော အမေရိကန်၏ ပြောကြားချက်မှာ အခြေအမြစ်မရှိကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့က ၎င်းတို့၏ အကြီးမားဆုံးလေကြောင်းစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ ပြီးနောက် မြောက်ကိုရီးယားက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုအပါအဝင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း လက်နက်စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်ကာ တုံ့ပြန်ခဲ့ပြီးနောက်တွင် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှု မြင့်တက်နေစဉ် ယခုပြောကြားချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားအနေဖြင့် ယင်းကဲ့သို့ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကို နျူကလီးယား စမ်းသပ်မှုဖြင့် အဆုံးသတ်ဖွယ်ရှိကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က သတိပေးထားသည်။

အရှေ့အလယ်ပိုင်းဒေသ သို့မဟုတ် အာဖရိကသို့ တင်ပို့သည့်အသွင်ဖြင့် မြောက်ကိုရီးယားက ရုရှားထံ အမြောက်ကျည်များ ပေးပို့နေသည်ဟု အိမ်ဖြူတော်အမျိုးသားလုံခြုံရေးဆိုင်ရာပြောခွင့်ရ ဂျွန်ကာဘီက ပြီးခဲ့သည့်သီတင်းပတ်၌ စွပ်စွဲပြောဆိုခဲ့မှုကို မြောက်ကိုရီးယားက နိုဝင်ဘာ ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ကာ ချေပပြောဆိုခဲ့ခြင်းဖြစ်သည်။

“မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံအကြား လက်နက်အရောင်းအဝယ်ပြုလုပ်နေတယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ ကောလာဟလဖြန့်ဝေမှုကို လတ်တလောမှာ အမေရိကန်က အစဉ်တစိုက် လုပ်ဆောင်နေပါတယ်” ဟု မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဘက်ပြည်ပရေးရာ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူက ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းကဲ့သို့ ကောလာဟလဖြန့်ခြင်းသည် နိုင်ငံတကာမျက်နှာစာတွင် မြောက်ကိုရီးယား၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် အမေရိကန်က ရန်လိုစွာ လုပ်ဆောင်နေသည့် လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“မိမိတို့အနေနဲ့ ဘယ်တုန်းကမှ ရုရှားနဲ့ လက်နက်အရောင်းအဝယ် ပြုလုပ်ဖူးခြင်းမရှိသလို အနာဂတ်မှာလည်း အဲဒီလိုလုပ်ဆောင်ဖို့ အစီအစဉ်မရှိကြောင်းကို ရှင်းရှင်းလင်းလင်း ထပ်မံပြောကြားလိုပါတယ်” ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရုရှားဘက်က အဆိုပါလက်နက်ခဲယမ်းများကို အမှန်တကယ် လက်ခံရယူခဲ့ခြင်းရှိမရှိ အမေရိကန်အနေဖြင့် မသိရသေးသော်လည်း ယင်းကဲ့သို့ တင်ပို့မှုများကို စောင့်ကြည့်နိုင်ရန် ကြိုးပမ်းနေသည်ဟု ဂျွန်ကာဘီက ပြောဆိုထားသည်။

ယင်းကဲ့သို့ အမြောက်ကျည်အမြောက်အများ ပေးပို့ခြင်းသည် ဖေဖော်ဝါရီလထဲတွင် ရုရှားက စတင်ခဲ့သည့် စစ်ပွဲကို သက်ဆိုးရှည်အောင် အကူအညီပေးသည့် လုပ်ရပ်အဖြစ် အမေရိကန်က ရှုမြင်ကြောင်းလည်း ၎င်းက ဆိုသည်။ ယခုနှစ်ဇူလိုင်လထဲတွင် မြောက်ကိုရီးယားက ယူကရိန်း အရှေ့ပိုင်းရှိ ရုရှား ကျောထောက်နောက်ခံပြု ခွဲထွက်နယ်မြေနှစ်ခုကို သီးခြားလွတ်လပ်သော ပြည်သူ့သမ္မတနိုင်ငံများအဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက် ယူကရိန်းက မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။