ယူကရိန်းစစ်ပွဲအတွက် တပ်သားသစ် စုဆောင်းခြင်းကို ရုရှားက ရပ်ဆိုင်း

ယူကရိန်းစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန်အတွက် နိုင်ငံသားပေါင်း သိန်းနဲ့ချီ ခေါ်ယူစုဆောင်းခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားပြီဖြစ်ကြောင်း ရုရှားက ကြေညာခဲ့သည်။

စစ်တပ်အတွက် မဖြစ်မနေ စစ်မှုထမ်းဆောင်ရသည့် လုပ်ငန်းစဉ်များအရ ဆင့်ခေါ်စာပေးပို့ခြင်း အပါအဝင် အကန့်အသတ်ဖြင့် စစ်စည်းရုံးခြင်း လုပ်ငန်းစဉ်အားလုံးကို လည်း ရပ်ဆိုင်းလိုက်ကြောင်း ရုရှားကာကွယ် ရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောသည်။

တပ်မတော် တပ်ဖွဲ့များသည် ယခုအချိန်မှစ၍ စေတနာ့ဝန်ထမ်းနှင့် ကန်ထရိုက်တာများကိုသာ လက်ခံမည် ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူကရိန်းရှိ စစ်မြေပြင်တွင် ကြီးမားသော ရှုံးနိမ့်မှုများ ဆက်တိုက် ကြုံတွေ့ခဲ့ရပြီးနောက် သမ္မတ ပူတင်သည် စက်တင်ဘာနှောင်းပိုင်း၌ စစ်စည်းရုံးခြင်း၊ လူသစ် ခေါ်ယူ စုဆောင်းခြင်းကို ကြေညာခဲ့သည်။

ပြီးခဲ့သည့် အပတ်မှစ၍ သတ်မှတ်ထားသော အမှုထမ်း ၃ သိန်းကို ခေါ်ယူစုဆောင်းနိုင်ခဲ့ကြောင်း အရာရှိများက ပြောသည်။

ပူတင်က စစ်စည်းရုံးခြင်း ပြီးမြောက်သွားပြီးဖြစ်၍ လူသစ်ခေါ်ယူ စုဆောင်းခြင်း လှုပ်ရှားမှုများကို ရုတ်သိမ်းလိုက်ကြောင်းနှင့် စုဆောင်းခံရသူ လေးသောင်းတစ်ထောင်သည် လက်ရှိတွင် ရုရှားစစ်တပ်၏ တိုက်ပွဲများ၌ ပါဝင်နေကြောင်း နိုဝင်ဘာလ ၁ ရက် အင်္ဂါနေ့က ပြောခဲ့သည်။

source:CNA