စီးပွားရေးပြဿနာတ ွေဖြေရှင်းဖို့ ဗြိတိန်ဝန်ကြီးချုပ်သစ် ကတိပြု

ဗြိတိန်ဘုရင်ချားလ်စ်က အစိုးရဖွဲ့ခိုင်းပြီးတဲ့အခါမှာ Rishi Sunak ဟာ ဗြိတိန်နိုင်ငံရဲ့ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ဆူးနက်က ဘုရင်ချားလ်စ်ကို Buckingham နန်းတော်မှာ ဒီနေ့ အင်္ဂါနေ့မှာပဲ သွားရောက်တွေ့ဆုံခဲ့တာပါ။ ဝန်ကြီးချုပ်တာဝန်ကို လက်ခံပြီးတဲ့နောက် လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေး အကျပ်အတည်းတွေကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းသွားမယ့်အကြောင်းနဲ့ တာဝန်သိမှု တာဝန်ခံမှုရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတရပ်ကို ဦးဆောင်သွားပါမယ်လို့ ဝန်ကြီးချုပ်သစ် ဆူးနက်က ပြောပါတယ်။

“ကိုယ်ကမပေးနိုင်ခဲ့တာကြောင့် ကျနော်ဦးဆောင်တဲ့အစိုးရက နောင်မျိုးဆက်၊ ခင်ဗျားတို့ရဲ့ ခလေးတွေ၊ မြေးတွေအတွက် အကြွေးချန်ထားခဲ့လိမ့်မဟုတ်ပါဘူး။ စကားလုံးနဲ့ တိုင်းပြည်ကို စည်းလုံးလိမ့်မယ် မဟုတ်ပါဘူး။ လုပ်ရပ်တွေနဲ့ တိုင်းပြည်ကို စည်းလုံးညီညွတ်အောင် လုပ်ပါမယ်။” လို့ သူက ပြောသွားခဲ့တာပါ။

ချားလ်စ်ဘုရင်ဟာ ရီချီဆူးနက်ကို မခန့်ထားမီမှာပဲ မစ္စလစ်ဇ်ထရပ်စ်ရဲ့ ဝန်ကြီးချုပ်အဖြစ်က နုတ်ထွက်စာကို လက်ခံခဲ့ပါတယ်။ ဆူးနက်ဟာ ဗြိတိန်နိုင်ငံကြုံတွေ့နေရတဲ့ စီးပွါးရေးပြဿနာတွေကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းရမှာပါ။ အစိုးရအဖွဲ့ကို ချက်ချင်း ခန့်ထားလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဆူးနက်ဟာ အသားအရောင်ရှိတဲ့လူမျိုးတွေထဲက ပထမဆုံး အိန္ဒိယနွယ်ဖွါး ဗြိတိန်ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ သူဟာ အသက် ၄၂ နှစ်ပဲရှိသေးပြီး အနှစ် ၂၀၀ အတွင်းမှာ အငယ်ဆုံး ဗြိတိန်ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ သူဟာ ဒီနှစ်အတွင်း တတိယမြောက် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ဖြစ်တဲ့အတိုင်း အမျိုးမျိုးကွဲနေတဲ့ပါတီကို စည်းလုံးညီညွတ်အောင်လည်း လုပ်ဆောင်ရမှာဖြစ်ပါတယ်။ စီးပွါးရေး ကသောင်းကနင်းဖြစ်နေပြီး ပါတီကို လူကြိုက်နည်းလာတဲ့အချိန်မှာ ခေါင်းဆောင်မှုတာဝန်ကို ဆူးနက်က ထမ်းဆောင်ရတာပါ။

မုန်တိုင်းထဲကတိုက်ပွဲကို အောင်မြင်ပါစေကြောင်း ဝန်ကြီးချုပ်ဟောင်းထရပ်စ်က ဆုတောင်းလိုက်ပါတယ်။ အစိုးရအဖွဲ့ခန့်ထားတာနဲ့အတူ ပါလီမန်ကို ဘတ်ဂျက်တင်ပြနိုင်ဖို့ ဝန်ကြီးချုပ်အသစ် ဆူးနက် က ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဘတ်ဂျက်တင်ပြရမယ့်ရက်အဖြစ် တနင်္လာနေ့ ကို သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

-Ref:VOA