တရုတ် ယွမ်ငွေတန်ဖိုး ၁၅ နှစ်အတွင်း အနိမ့်ဆုံးကျဆင်း

ပြီးခဲ့သည့်သီတင်းပတ်က ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံ၌  သမ္မတ ရှီကျင်းပင်က ၎င်း၏ သြဇာအာဏာကို ဆက်လက်ချုပ်ကိုင်ခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံ သူများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်နေခြင်း ကြောင့် တရုတ်ယွမ်ငွေတန်ဖိုးသည် ၁၅ နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။

တရုတ်ပြည်မကြီး၌ လည်ပတ်သုံးစွဲနေသော ယွမ်ငွေတန်ဖိုးသည် တစ်ဒေါ်လာလျှင် ၇ ဒ သမ ၃၀၈၄ သို့ ရောက်ရှိသွားကာ ၀ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယင်းသည် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သည်။

တရုတ်နိုင်ငံပြင်ပ၌ လည်ပတ်သုံးစွဲလျက်ရှိပြီး ပြည်တွင်းစျေးကွက်၌ အသုံးပြုသော ယွမ်ငွေထက် ပိုမိုလွတ်လပ်စွာ အရောင်းအဝတ်ပြုလုပ်နိုင်သည့် 0ffshore  ယွမ်ငွေတန်ဖိုးသည်လည်း တစ်ဒေါ်လာလျှင် ၇ ဒသမ ၃၇၃၅ သို့ ရောက်ရှိနေပြီး ယင်းသည် ၂၀၁၀ ခုနှစ်၌ ဟောင်ကောင်ဘဏ်များတွင် ယွမ်ငွေဖြင့် လွတ်လပ်စွာ ဘဏ်အကောင့် များ ဖွင့်ခွင့်ပြုခဲ့ပြီးနောက်ပိုင်း အနည်းဆုံးဖြစ် ခဲ့သည်။

အမေရိကန် ဗဟိုဘဏ်၏ ပြတ်သားသော သဘောထား ထွက်ပေါ်လာပြီးနောက် ရင်းနှီးမြှုပ်နှံသူများက ဒေါ်လာဝယ်ယူမှု မြင့်တက်လာစဉ် အခြားအင် အားကြီးနိုင်ငံများ၏ ငွေကြေးများနည်းတူ ယွမ်ငွေတန်ဖိုးလည်း ကျဆင်းခဲ့သည်။

 တရုတ်၏ ယခုနှစ်သုံးလ ပတ်ကာလ စီးပွားရေးတိုးတက်မှုသည် မျှော် မှန်းထားသည်ထက် ကောင်းမွန်ခဲ့သည့်တိုင် ဟောင်ကောင်စာရင်းဝင် တရုတ်စတော့ရှယ် ယာများလည်း ကျဆင်းခဲ့သည်။

 -Ref;Reuters