နစကဥက္ကဋ္ဌနှင့် ရုရှားသမ္မတတို့တွေ့ဆုံပြီး နျူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု ရေးကိစ္စရပ်အပါအဝင် ကဏ္ဍပေါင်းစုံ ဆွေးနွေး

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin တို့ ​တွေ့ဆုံ ပြီး နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတွင် အသုံးချနိုင်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့် ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ် (The 7th Eastern Economic Forum -2022) သို့ တက်ရောက်ရန် ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ရုရှားနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် စက်တင်ဘာ ၇ ရက် ဒေသစံတော် ချိန် မွန်းလွဲပိုင်းတွင် ဗလာဒီဗော့စတော့ခ်မြို့၊  FEFU Campus အတွင်း၌  တွေ့ဆုံဆွေးနွေးခဲ့​ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ထားသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးလွင်ဦးတို့ တက်ရောက်ကြပြီး ရုရှားနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့်အတူ ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး  Sergey Lavrovမြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး  H.E.Mr. Nikolay A.Listopadovနှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြ​သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားနိုင်ငံသမ္မတတို့ ​တွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင်ပူးပေါင်းဆောင်ရွက်ရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အာကာသနှင့် ဂြိုလ်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ အပြန်အလှန် တိုးတက်လာစေရေး၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံစေရေး ဖိတ်ခေါ်မှုများ၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးချနိုင်ရေးတို့ အပါအဝင် ကဏ္ဍပေါင်းစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။  source; Eleven