ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြေလည်မှုရရန် JICM အစည်းအဝေးခေါ်ယူရန်လို

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပနိုင်ရေး အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပြေလည်မှုရရန် အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီး ခေါင်းဆောင်အဆင့် တွေ့ဆုံသည့် NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ခေါ်ယူရန် လိုအပ်သည်ဟု ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာက ပြောကြားသည်။ 

အစိုးရနှင့် NCA လက်မှတ် ထိုးအဖွဲ့များသည် ၂၁ ပင်လုံအစည်းအဝေးကျင်းပနိုင်ရေး နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ အလွတ်သဘောဆွေးနွေးမှုများကို မေလ ၁၈ နှင့် ၁၉ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော်လည်း ပြေလည် မှုမရခဲ့ပေ။ အထူးသဖြင့် အရေးကြီးသည့် နိုင်ငံရေး အပေး၊အယူဆိုင်ရာကိစ္စများကို အလွတ်သဘော ဆွေးနွေးရေး အဖွဲ့အဆင့်၌ ဆုံးဖြတ်ချက်မချမှတ်နိုင်၍ ဆက်လက်ညှိနှိုင်းရမည်ဟု အပစ်ရပ် ကိုယ်စားလှယ် ဒေါက်တာဆလိုင်း လျန်မှုန်းက ဆိုသည်။ 

မပြေလည်မှုများနှင့် ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်သည့် ခေါင်းဆောင်များ မျက်နှာချင်းဆိုင်တွေ့ဆုံပါက ပြေလည်နိုင်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက အကြံပြုသည်။  ‘‘ဥပမာ ၁၇ ရက်နေ့က KNU ထိပ်သီး ခေါင်းဆောင် တွေနဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တော့ KNU ထဲမှာ ရှိတဲ့ပြဿနာ တချို့ ပြေလည်သွားတာမျိုးပေါ့။ ထို့အတူပါပဲ အစိုးရအကြီးအကဲနဲ့ တိုင်းရင်းသားအကြီးအကဲတွေ JICM မှာ တွေ့လိုက်မယ်ဆိုရင် အများကြီး ပြေလည်သွား နိုင်ပါတယ်’’ဟု ၎င်းက ဆိုသည်။ 

ကရင်ပြည်နယ် ဖာပွန်ဒေသ တွင် တပ်မတော်၏လမ်းဖောက် လုပ်ရေးဆောင်ရွက်မှုနှင့်ပတ် သက်၍ တပ်မတော် နှင့် KNU လက်အောက်ခံ တပ်မဟာ(၅)အကြား မတ်လဆန်းကစတင်ကာ စစ်ရေး ပဋိပက္ခဖြစ်ပွားနေခြင်းကို မေ လ ၁၇ ရက်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် KNUဥက္ကဋ္ဌတို့ တွေ့ဆုံညှိနှိုင်းရာ တပ်မတော်က လမ်းလုပ်ငန်း ဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းေ ပးမည် ဟု သဘောတူညီခဲ့သည်။

အစိုးရကိုယ်စားလှယ် သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကမူ အောက်ခြေအဆင့်တွင် အကျေ အလည်ညှိနှိုင်းမပြီးမီ ခေါင်းဆောင်အဆင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပါက ပိုမိုခက်ခဲမည်ကို စိုးရိမ်ကြောင်း ပြောသည်။ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပနိုင်ရေး အပစ်ရပ်အဖွဲ့များနှင့် အလွတ်သဘော ဆွေးနွေးမှု ဆက်လက်ပြု လုပ်မည်ဖြစ်ပြီး အမြန်ဆုံးကျင်းပ နိုင်ရေး ညှိနှိုင်းထားသည်ဟု ၎င်း က ဆိုသည်။ 

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ တက် ရောက်လေ့ရှိသည့် JICM အစည်း အဝေးကို သုံးလတစ်ကြိမ် ခေါ်ယူရန် သတ်မှတ်ထားရာ မေလ ၂၈ ရက်တွင် သုံးလပြည့်မည်ဖြစ် သည်။ (၇)ကြိမ်မြောက် JICM အစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက်က ခေါ်ယူခဲ့သည်။ 

အဆိုပါ (၇)ကြိမ်မြောက် JICM အစည်းအဝေးသို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဘက်က KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ မတက်ရောက် ခဲ့ပေ။ KNU ဥက္ကဋ္ဌက ကျန်းမာရေးမကောင်းဟု၍ အကြောင်းပြခဲ့သည်။ 

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးအပါအဝင် အပစ်ရပ်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ JICM အစည်းအဝေးသို့ မတက်ရောက်ခြင်း နှင့်ပတ်သက်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိုင်ငံရေးနှင့်ပတ်သက်သည့် အမြင့်ဆုံး အစည်းအဝေးဖြစ်သော JICM သို့ သက်ဆိုင်ရာတာဝန်ရှိခေါင်းဆောင် အသီးသီး တက်ရောက်သင့်ကြောင်း ဆွေးနွေးပြီး ထိုသို့ တက်ရောက်မှသာ ဆုံးဖြတ်ချက်များ ချမှတ်ရာ တွင် ပိုမိုအဆင်ပြေ မည်ဟု ပြောကြားသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ‘‘ပြဿနာတွေကို ပြေပြေလည် လည်ဖြေရှင်းဖို့ဆိုလို့ ရှိရင် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ လူတွေနဲ့ ဆွေးနွေးညှိနှိုင်းမှပဲ ဖြေရှင်းလို့ရမှာပါ’’ ဟု ဆွေးနွေးခဲ့သည်။  ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံအစည်းအဝေးများကို တစ်နှစ်လျှင် နှစ်ကြိမ်သတ်မှတ်ထားသည်။ သို့ရာတွင် ၂၀၁၇ မေလက ၂၁ ပင်လုံ ဒုတိယ အစည်းအဝေး ကျင်းပပြီး နောက်တစ်နှစ်ကြာသည်အထိ ၂၁ ပင်လုံတတိယ အစည်းအဝေး ထပ်မံမကျင်းပနိုင်ဘဲဖြစ်နေသည်။