နှစ်ပေါင်း ၅၀၀ အတွင်း အဆိုးဆုံး မိုးခေါင်ရေရှားမှုဖြင့် ဥရောပတိုက် ကြုံတွေ့နေရ

ဥရောပတိုက်ဟာ နှစ်ပေါင်း ၅၀၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကို ကြုံတွေ့နေရပြီး တိုက်ကြီးရဲ့ သုံးပုံ နှစ်ပုံနီးပါးဟာ တပ်လှန့် သတိပေးချက်တွေနဲ့ ကြုံတွေ့နေရတယ်လို့ ဥရောပသမဂ္ဂ (EU) အေဂျင်စီက မကြာသေးမီက ပြောကြားလိုက်ပါတယ်။

ဥရောပရဲ့နယ်မြေ ၄၇ ရာခိုင်နှုန်းဟာ မြေဆီလွှာ အစိုဓာတ် အလွန်အမင်း ချို့တဲ့မှုကြောင့် သတိပေးချက်အခြေအနေ အောက်မှာ ရှိနေတယ်လို့  European Drought Observatory (EDO) ရဲ့ သြဂုတ်လထုတ် အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ပဏာမအကဲဖြတ်ချက်အရ လက်ရှိမိုးခေါင်ရေရှားဟာ အနည်းဆုံး နှစ်ပေါင်း ၅၀၀ အတွင်း အဆိုးဝါးဆုံး ဖြစ်ပုံရတယ်လို့ ဥရောပကော်မရှင်က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် နွေသီးနှံတွေဟာ မိုးခေါင်ရေရှားမှုကို ကြုံတွေ့ခဲ့ရလို့ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ပျမ်းမျှထွက်နှုန်းအောက် ပြောင်းအထွက်နှုန်းက ၁၆ ရာခိုင်နှုန်းအထိ၊ ပဲပုပ်နဲ့ နေကြာအထွက်နှုန်းက ၁၅ ရာခိုင်နှုန်းနဲ့ ၁၂ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားခဲ့ပါတယ်။

တာရှည်မိုးခေါင်မှုကြောင့် ဂျာမနီရဲ့ သီးနှံထွက်နှုန်းဟာ ၃၀ ဒါမှမဟုတ် ၄၀ ရာခိုင်နှုန်း လျော့သွားနိုင်တယ်လို့ ဂျာမန်လယ်သမားများအသင်းက ပြောပါတယ်။

မိုးခေါင်လို့ အီတလီနိုင်ငံမှာ စပါးရိတ်သိမ်းမှု ၃၀ ရာခိုင်နှုန်းလောက်၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံလောက် လျော့ကျသွားမယ်လို့ အီတလီ အသေးစားနဲ့ အလတ်စား လယ်သမားများအသင်းက အချက်အလက်တွေ ထုတ်ပြန်ထားပါတယ်။

ဥရောပမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးဟာလည်း ဒီနှစ်ရဲ့ ပထမ ၇ လအတွင်း မနှစ်က အလားတူ အချိန်ကထက် ၂၀ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကလည်း  ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

ဥရောပနိုင်ငံတွေမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးအရေအတွက်ကလည်း ပျမ်းမျှထက် သိသိသာသာ မြင့်တက်ခဲ့တာပါ။

ဥရော​ပတောမီး သတင်းအချက်အလက်စနစ်ရဲ့ အဆိုအရ ဇန်နဝါရီကနေ ဩဂုတ်လလယ်အထိ ဥရောပမှာ သစ်တောဟက်တာ ၇၄၀,၀၀၀ ကျော်မီးလောင်ခဲ့လို့ မှတ်တမ်းတွေ စမှတ်ခဲ့တဲ့ ၂၀၀၆ နောက်ပိုင်း အလားတူ အချိန်ကထက် တောမီးလောင်နှုန်းစံချိန်တင် မြင့်တက်ခဲ့ပါတယ်။  dvb