တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ပါတီဝင်များ တွေ့ဆုံပွဲပြုလုပ်

သြဂုတ် ၁၁၊ နေပြည်တော်

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ပါတီဝင်များ တွေ့ဆုံပွဲကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ တက်ရောက်လာကြသူများမှ ပါတီရုံးအတွင်း အရိပ်ရသစ်ပင်များ၊ သီးပင်စားပင်များအား စိုက်ပျိုးခဲ့ပြီး ပါတီဝင်များနှင့်တွေ့ဆုံပွဲကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲအား နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုပြီးဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာကြသူများမှ အကြမ်းဖက်သမားများ၏ လုပ်ကြံမှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသော ပါတီဝင်များနှင့် မိသားစုဝင်များအား အောက်မေ့သတိရသည့်အနေဖြင့် ၂ မိနစ်ငြိမ်သက်ခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးမြင့်လှိုင်မှ အမှာစကားပြောကြားခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးမှ ပါတီဖွဲ့စည်းပုံဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးကာ တက်ရောက်လာကြသော ပါတီဝင်များနှင့် ရင်းနှီးနွေးထွေးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုနယ်မြေပါတီ ဥက္ကဌ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်လှိုင်၊ ဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေး၊ ပြည်ထောင်စုနယ်မြေကော်မတီဝင်များ၊ ခရိုင် ဥက္ကဌများ၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များမှ ပါတီဥက္ကဌများ၊ မြို့မိမြို့ဖများ၊ တပ်ကုန်းမြို့နယ် ပါတီဥက္ကဋ္ဌ  ဦးဇော်မျိုးသိန်းနှင့် မြို့နယ် ကော်မတီဝင်များ၊ အုပ်စုပါတီဥက္ကဌများ စုစုပေါင်းအင်အား (၃၀၀)ခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။