ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေ အားအလွန်ကောင်းနေခြင်းကြောင့် ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်နှင့် မွန် တွင် မိုးကြီးခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်

ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေအားအလွန်ကောင်းနေခြင်းကြောင့် ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကရင်နှင့် မွန်တွင် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သြဂုတ် ၇ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြီးမည့်သတိပေးချက်အနေဖြင့် မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီခွဲအချိန် တိုင်းထွာချက်များအရ သြဂုတ် ၇ ရက် ညနေပိုင်းမှ သြဂုတ် ၁၀ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

 အဆိုပါကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် သုံးလက်မ (၇၇-မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်ကြောင်း မိုးဇလမှ သိရသည်။

လာမည့်နှစ်ရက်အတွင်းလည်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပိုနေမည်ဖြစ်ကြောင်း မိုးဇလမှ သိရသည်။