ရည်ညွှန်းဈေးထက် ပိုရောင်းသည့် စက်သုံးဆီအရောင်းဆိုင် ၈၂ ဆိုင်ကို အရေးယူ

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းထက် ပိုမိုရောင်းချခဲ့ကြောင်း စိစစ်ပေါ်ပေါက်ခဲ့သည့် စက်သုံးဆီအရောင်းဆိုင် ၈၂ ဆိုင်ကို ဥပဒေနှင့်အညီ အရောင်းဆိုင်အဆင့်အလိုက် ဒဏ်ကြေးငွေတပ်ရိုက်၍ အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် အစိုးရက သတ်မှတ်ထား သည့် ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိစစ်ဆေးကြပ်မတ်ရန် အစီအစဉ် ရှိ၊ မရှိနှင့် အစိုးရသတ်မှတ်ဈေးနှုန်း အတိုင်း ရောင်းချခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင်များကို အရေးယူရန် အစီအစဉ်ရှိ၊ မရှိ သတင်းထောက် တစ်ဦး၏ မေးမြန်းမှုအပေါ်ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီအရောင်းဆိုင်များအားနေ့စဉ်ထုတ်ပြန်ထားသည့်ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချခြင်း ရှိ၊ မရှိကို တိုင်းဒေသကြီး ပြည်နယ်အလိုက် သက်ဆိုင်ရာဌာနများမှလည်းကောင်း၊ ပူးပေါင်းအဖွဲ့ဖြင့်လည်းကောင်း မကြာခဏရှောင်တခင် ဝင်ရောက်စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် စက်သုံးဆီများဝယ်ယူသုံးစွဲရာတွင် အခြားမကျေနပ်မှုများရှိပါက သုံးစွဲသူမိဘပြည်သူများအနေဖြင့် ဖော်ပြ ထားသည့် ကော်မတီ၏ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာ သတင်းပေးတိုင်ကြားနိုင်ကြောင်းလည်း ဖော်ပြထားသည်။

ထိုသို့ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချသည်ကို စစ်ဆေးတွေ့ရှိရခြင်းနှင့် သတင်းပေးတိုင်ကြားခြင်းများ ရှိလာပါက ကော်မတီအနေနှင့် စိစစ်ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ အခြားတည်ဆဲ ဥပဒေများအရလည်းကောင်းကော်မတီ၏ စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းတို့ဖြင့်လည်းကောင်း လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် စင်ကာပူနိုင်ငံ၏ နေ့စဉ် MOPS price အပေါ်တွင် အခြေခံပြီး သယ်ယူစရိတ်နှင့် ပရီမီယံအာမခံကြေးများ၊ အခွန်အခများနှင့် လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ်များစသည်တို့အပေါ် သင့်တင့်သည့်အမြတ်ရာခိုင်နှုန်း ထပ်ပေါင်း၍ နိုင်ငံခြား ငွေလဲလှယ်နှုန်းဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့အတွက် ရည်ညွှန်းလက်ကား ဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့တော်များ အတွက် ရည်ညွှန်းလက်လီဈေးနှုန်းများကို နေ့စဉ်တွက်ချက်ပြီး ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

အခြားမြို့များအတွက်လည်း မကြာခင်အချိန်တွင် သင့်တင့်မျှတသောသယ်ယူပို့ဆောင်ရေးစရိတ်များ ထပ်ဆောင်း တွက်ချက်ပြီး ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

sdtimedaily