ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ရန် အစိုးရနှင့် တပ်မတော်ကို SNLD တိုက်တွန်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် မှန်ကန်မှုရှိ၊ မရှိအစိုးရနှင့် တပ်မတော်ပြန်လည် သုံးသပ်ရန်လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ပြောသည်။ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နှင့် အကြိုလူထုတွေ့ဆုံပွဲအတွက် ရှမ်းအဖွဲ့အစည်းများက အစိုးရ နှင့် ညှိနှိုင်းရသည့် အခြေအနေများအပေါ် ၎င်းက သုံးသပ်ပြောကြား သည်။

‘‘တကယ်တမ်းဖြစ်သင့်တာကတော့ NCA လမ်းကြောင်းက သွားနေတဲ့ ပုံစံမှန်ရဲ့လား၊  နောက်တော့ နိုင်ငံရေး ဆွေးနွေးရေးမူ ဘောင်ကောကိုက်ရဲ့လားပေါ့။ အဲဒါတွေကို အစိုးရနဲ့ တပ်မတော် ဘက်က သေသေချာချာပြန်ပြီး တော့ သုံးသပ်ဖို့လိုအပ်တယ်။ ပြီးတော့မှ ဒီလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေနဲ့ အကျေအလည်ပြန်ပြီးဆွေးနွေးဖို့ လိုအပ်တယ်။ အဲဒီလို မလုပ်ဘဲနဲ့ ဆိုရင်တော့ လက်မှတ်မထိုး ရသေးတဲ့ သူတွေကို ဆွဲဆောင်စည်းရုံးနိုင်မှာ မဟုတ်သလို လက်မှတ်ထိုးပြီးသား ပုဂ္ဂိုလ်တွေကို လည်းပဲ ငြိမ်းချမ်းရေး သွားနေတဲ့ လမ်းစဉ်မှာ စိတ်ပျက်စေတဲ့ အနေအထားမျိုးကိုတွန်းပို့သလို ဖြစ် လိမ့်မယ်’’ဟု ဦးစိုင်းလိတ်က ပြောသည်။

 ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မတိုင်မီ တောင်ကြီးတွင် ဇန်န၀ါရီ ၇ ရက်၌ အကြို လူထုဆွေးနွေးပွဲ ကျင်းပရန် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် ရှမ်းပါတီကိုယ် စားလှယ်တို့က အစိုးရထံ အဆိုပြု ခဲ့သည်။ သို့သော် ညှိနှိုင်းမှုအဆင်မပြေသဖြင့် အကြိုလူထုဆွေးနွေး ပွဲမပြုလုပ်ဖြစ်ကြောင်း ရှမ်းအဖွဲ့အစည်း များက ပြောသည်။

‘‘RCSS အနေနဲ့ကတော့ တောင်ကြီးမှာ အကြိုဆွေးနွေးပွဲ မလုပ်ရဘဲနဲ့ လင်းခေးမှာသွားပြီး အကျယ်တ၀င့် ဆွေးနွေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ အဲဒီတော့ အဲဒီအပေါ်မှာတော့ သူတို့ ဘယ်လိုဆုံးဖြတ်မယ် မသိဘူး။ ဖြစ်လာမယ့် အလားအလာကတော့ နည်းပါးမယ်လို့ ကျွန်တော် သုံးသပ်တယ်’’ဟု ဦးစိုင်းလိတ်က ပြောသည်။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လင်းခေးမြို့တွင် ဇန်န၀ါရီ ၁၂ ရက်မှ ၁၄ ရက် အထိ ကျင်းပရန်သတ်မှတ်ထားသည်။ ၂၁ ရာစုပင် လုံတတိယအကြိမ် အစည်းအဝေးကို ဇန်န၀ါရီ နောက်ဆုံးပတ်တွင် ပြုလုပ်မည် ဖြစ်သည်။ ပြီးခဲ့သည့် ၂၁ ရာစုပင်လုံဒုတိယအစည်း အဝေးတွင် RCSS/SSA က ရှမ်းအမျိုးသားအဆင့် ဆွေးနွေးပွဲမ ကျင်းပနိုင်၍   ၎င်းတို့အဖွဲ့၏ သဘောထားကို ညီလာခံသို့ တင်ပြ နိုင်ခြင်းမရှိခဲ့ပေ။

ဒီဇင်ဘာအတွင်းက ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲအကြိုလူထုတွေ့ဆုံပွဲများကို ပင်လုံ၊ လားရှိုး၊ တာချီလိတ်မြို့ အပါအ၀င် ရှမ်းပြည်နယ်နှင့် ရှမ်း ပြည်နယ်ပြင်ပရှိ ရှမ်းတိုင်းရင်းသားများ နေထိုင်ရာ ဒေသတို့၌ ပြုလုပ်ရာ တပ်မတော်က တားမြစ်ခဲ့ပြီး ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် ခွင့်ပြု ထားသော လင်းခေးမြို့၌သာ ပြု လုပ်ရန် RCSS/SSA ထံစာပို့အ ကြောင်းကြားထားသည်။ 7day daily