မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးပါတီကော်မတီဝင်များ တာဝန် ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးပါတီကော်မတီဝင်များတာဝန်ပေးအပ်ပွဲကို (၈-၇-၂၀၂၂) ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်တက်ရောက်လာသူများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်က အမျိုးသမီးရေးရာကော်မတီ၏ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးမှကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ဒေါ်ခင်ရွှေမြင့်က ပါတီဝင်အမျိုးသမီးများဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

၎င်းနောက် တိုင်းဒေသကြီးပါတီကော်မတီဝင် အမျိုးသမီးရေးရာကဏ္ဍတာဝန်ခံ ဒေါ်သန်းသန်းအေးက တိုင်းဒေသကြီး ပါတီ အမျိုးသမီးရေးရာကဏ္ဍဆောင်ရွက်မှုများနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် အမျိုးသမီးပါတီကော်မတီဝင်များမှ အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်က ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ပါတီဗဟို အလုပ်အမှုဆောင်များ ဖြစ်ကြသော ဒေါက်တာမောင်သင်း၊ ဦးဝင်းမောင်၊ ဦးမင်းမင်းဇေယျာမြင့်၊ ဒေါ်ခင်ရွှေမြင့်၊ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ တိုင်းပါတီအမျိုးသမီးနာယကအဖွဲ့၊ ခရိုင်/မြို့နယ် ပါတီဥက္ကဌများ၊ ခရိုင်/မြို့နယ်များမှအမျိုးသမီးရေးရာတာဝန်ခံနှင့်အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။