ရုရှားတပ်ဖွဲ့များက ယူကရိန်း အ‌ရှေ့ပိုင်းကို ဆက်လက်တိုက်ခိုက်

ယူကရိန်းနိုင်ငံအရှေ့ပိုင်း လူဟန့်စ် ပြည်နယ်မှာ ယူကရိန်းတပ်ဖွဲ့တွေ နောက်ဆုံးခြေကုပ်ယူထားတဲ့ လိုင်စီချန့်စ်မြို့ ကို အပြည့်အဝ ဝိုင်းရံထားပြီဖြစ်ကြောင်း ရုရှားစစ်ဘက် က ပြောကြားခဲ့ပေမယ့် အဲဒီမြို့မှာ တိုက်ပွဲတွေ ဆက်လက်ဆင်နွဲနေဆဲဖြစ်ကြောင်း ယူကရိန်းအရာရှိတွေ က ပြောကြားကြပါတယ်။

ယူကရိန်းရဲ့ အရှေ့ဘက် အကျဆုံးဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေစဉ် ရုရှား က သူတို့ရဲ့ တပ်ဖွဲ့တွေကို လိုင်စီချန့်စ်မြို့အနီးမှာ အထိုင်ချထားပါတယ်။ ရုရှားတပ်ဖွဲ့တွေက လိုင်စီချန့်စ်မြို့ကို အပြည့်အဝ ဝိုင်းရံထားပြီဖြစ်ကြောင်းနဲ့ ယူကရိန်းနိုင်ငံသားတွေ အဲဒီမြို့ကနေ ထွက်ပြေးလွတ်မြောက်နိုင်စရာ မရှိတော့ကြောင်း ရုရှားကို လိုလားတဲ့ ခွဲထွက်ရေးသမားတွေက ရုရှား မီဒီယာကို စနေနေ့ ကပြောပါတယ်။

ဒါပေမယ့်လည်း အဲဒီပြောဆိုမှုကို ယူကရိန်း ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦး က ငြင်းဆိုပြီး လိုင်စီချန့်စ်မြိုက ရုရှားတို့လက်ထဲ မကျသေးကြောင်းနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက် ဆင်နွဲနေကြောင်း ပြောပါတယ်။ ထိုအတောအတွင်းမှာပဲ ယူကရိန်းတောင်ပိုင်း က ဒိုနက်စ်၊ ဇာရစ်ပိုဇီယာ နဲ့ မိုင်ကိုလေ့ဗ်မြို့တွေမှာ ရှိတဲ့ ယူကရိန်းတပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်း သိုလှောင်ရုံတွေနဲ့ ကွပ်ကဲရေးစင်တာတွေကို မိမိတို့က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။

ဗြိတိန် က ကာကွယ်ရေး လေ့လာဆန်းစစ်သူတွေကတော့ မြေပြင်‌ က ပစ်မှတ်တွေကို တိတိကျကျထိမှန်တဲ့ စနစ်တွေမပါတဲ့ ဒုံးကျည်တွေ မော်စကို က အသုံးပြုနေတာကို ဝေဖန်ပြောကြားကြပါတယ်။ ဒါဟာ ခေတ်မီ လက်နက်တွေ လျော့ပါးလာတာကြောင့် ဖြစ်နိုင်ကြောင်း နဲ့ အဲဒီလက်နက်တွေကြောင့် အရပ်သားသေဆုံးတာတွေ ပိုများလာနိုင်တယ်လို့လည်း သူတို့က သတိပေးပြောကြားပါတယ်။

-Ref:NHK