ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီတာဝန်၊ ပါတီအလံများ အပ်နှင်းခြင်း အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်

ဇွန် ၁၈၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ကျင်းပပြုလုပ်သော မြို့နယ်/ရပ်ကွက်/ကျေးရွာအဆင့်ပါတီများ စုံညီဖွဲ့စည်းပြီးခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲနှင့် ပါတီတာဝန်၊ ပါတီအလံများ အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်မှ ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ပါတီအောင်နိုင်ရေးအလံတော်အား ဒက္ခိဏသီရိမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ရီရီဝင်းနှင့် မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဟန်ညီတို့သို့ ပေးအပ်ခဲ့ပါသည်။ ပါတီအောင်နိုင်ရေးအလံအား လက်ခံရယူပြီး မြို့နယ်ပါတီဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးသောင်းအေးနှင့် ဦးစိုးနိုင်တို့မှလည်း အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်/ရပ်ကွက်/ကျေးရွာအဆင့်ပါတီများမှ ကော်မတီဝင်များအား အမှာစကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်/ရပ်ကွက်/ကျေးရွာအဆင့်ပါတီများမှ ကော်မတီဝင်များအတွက် ဂုဏ်ပြုလက်ဆောင်များအား ပါတီဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များမှ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်၊ ဦးစိုးနိုင်၊ ဦးခင်မောင်စိုး၊ ဦးသောင်းအေး နှင့် ဗဟိုကော်မတီဝင်များ၊ ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များ၊ ဒက္ခိဏသီရိ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#USDP #Myanmar