၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် စာရင်းထုတ်ပြန်

၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်များကို ဇွန် ၁၇ ရက် နံနက် ၆ နာရီတွင် တစ်နိုင်ငံလုံးတွင် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

အဆိုပါ စာမေးပွဲ၏ တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်းသည် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း၊ ဖြေဆိုသူစုစုပေါင်း ၂၈၁၇၅၁ ဦးရှိပြီး အောင်မြင်သူ ၁၃၂၀၇၇ ဦးရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်များကို နံနက်(၄)နာရီမှ စတင်၍ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

ထိုသို့ Website မှ ကြည့်ရှု့နိုင်ရန်စီစဉ်ထားသဖြင့်သက်ဆိုင်ရာကျောင်းများတွင် အောင်စာရင်းကပ်ထားမှုကို ကိုယ်တိုင်လာရောက်ကြည့်ရှုသူနည်းပါးကြောင်းသိရသည်။

ရန်ကုန်မြို့တွင်းရှိ အထက်တန်းကျောင်းတစ်ခုမှ ကျောင်းအုပ်ဆရာမကြီးက ” အောင်စာရင်းက မနက် ၅ ခွဲကျော် ၆ နာရီမထိုးခင်ကတည်းက ကပ်ထားပါတယ်။ ကိုယ်တိုင်လာကြည့်တဲ့ ကျောင်းသား၊မိဘဦးရေနည်းတယ်။ အွန်လိုင်းကနေလည်း ကြည့်လို့ရတော့ အဲ့ဒီကနေကြည့်တာများတယ်။ ။ကျွန်မတို့ကျောင်းမှာ လာဖြေတဲ့သူ နည်းတယ်။ လာဖြေတဲ့သူတွေထဲကနေ ၅၀ ရာခိုင်နှုန်းကျော်လောက်တော့အောင်တယ် ” ဟုပြောကြားခဲ့သည်။

ပြည်တွင်း၌ အောင်ချက်ရာခိုင်နှုန်းအမြင့်ဆုံးမှာ မွန်ပြည်နယ်ဖြစ်ပြီး အောက်ချက်ရာခိုင်နှုန်းအနည်းဆုံးမှာ ချင်းပြည်နယ်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

‌ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် အောင်ချက်ရာခိုင်နှုန်းများမှာ ကချင်ပြည်နယ်တွင် ၄၆ ဒသမ ၃၇ ၊ ကယားပြည်နယ်တွင် ၃၈ ဒသမ ၆၁ ၊ ကရင်ပြည်နယ်တွင် ၄၄ ဒသမ ၄၆၊ ချင်းပြည်နယ်တွင် ၂၆ ဒသမ ၇၈ ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄၁ ဒသမ ၄၉၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၄၅ ဒသမ ၉၅၊ ပဲခူး(အရှေ) ၄၄ ဒသမ ၆၈၊ ပဲခူး (အနောက်) ၄၈ ဒသမ ၀၀ ၊ မွန်ပြည်နယ်တွင် ၅၇ ဒသမ ၂၁၊ မကွေးတိုင်းဒေသကြီးတွင် ၄၂ ဒသမ ၀၃၊ မန္တလေးတိုင်းဒေသကြီးတွင် ၄၉ ဒသမ ၉၂ ရာခိုင်နှုန်း၊ နေပြည်တော်တွင် ၄၇ ဒသမ ၁၈၊ ရခိုင်ပြည်နယ်တွင် ၄၇ ဒသမ ၂၅၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၆ ဒသမ ၀၇၊ ရှမ်းပြည်နယ်(တောင်) ၄၁ ဒသမ ၁၀ ၊ ရှမ်းပြည်နယ်(မြောက်) ၄၃ ဒသမ ၄၅၊ ရှမ်း(အရှေ့) ၃၂ ဒသမ၁၉ ၊ဧရာဝတီတိုင်းဒေသကြီးတွင် ၅၂ ဒသမ ၁၆၊ နိုင်ငံခြား ၉၁ ဒသမ ၄၃ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်၍တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာ သည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက် ကောင်းစွာမရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယို အစီအစဉ်မှလည်း အောင်စာရင်းများကြေညာမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိလာပါက မြန်မာနိုင်ငံစာစစ်ဦးစီး ဌာန၊ ဖုန်းနံပါတ် (၀၁ – ၆၅၃၅၀၉ နှင့် (၀၉ – ၄၃၁၄၀၂၆) တို့ထံသို့ အောင်စာရင်း ထုတ်ပြန်ကြေညာမည့် ယနေ့ ဇွန် ၁၇ တွင် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်းသိရသည်။ eleven