ဂျာကာတာမြို့ထဲ ရေမ၀င်အောင် မြို့ပတ်လည် တံတိုင်းဆောက်မည်

မြေအနိမ့်ပိုင်းဖြစ်တဲ့ ဂျာကာတာမြို့တော်ကို ပင်လယ်ရေအောက်နစ်မြုပ်မသွားစေဖို့အတွက် မြို့ပတ်လည်မှာ အလွန်ကြီးမားတဲ့ရေတားနံရံကြီးတွေ အမြန်တည်ဆောက်တော့မယ်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောလိုက်ပါတယ်။ မြေအောက်ရေအလွန်အကျွံ တူးဖော်သုံးစွဲတာတွေကြောင့် လူသန်းပေါင်းများစွာနေထိုင်တဲ့ ဂျာကာတာမြို့တော် မြောက်ပိုင်းဟာ တစ်နှစ်ကို ၄ လက်မခန့် နိမ့်ဆင်းလာနေပြီး လာမယ့် ဆယ်စုနှစ်တွေအတွင်း တစ်မြို့လုံး ပင်လယ်ရေအောက်နစ်မြုပ်သွားနိုင်တယ်လို့ ဆိုပါတယ်။

ရေတားနံရံကြီးတွေဆောက်လုပ်ဖို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ထဲက မိမိတို့အစိုးရ စဉ်းစားထားခဲ့တာကို အခု အကောင်အထည်ဖော်ဖို့အချိန်ရောက်နေပြီး ဒီစီမံကိန်းကြီးအမြန်ပြီးစီးဖို့ လိုအပ်တယ်လို့ သမ္မတ ဝီဒိုဒိုက ပြောပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ မြို့တော်အသစ်တစ်ခု ထပ်ပြီး တည်ဆောက်လိုတယ်လို့ပြောပါတယ်။ မြို့တော်သစ်ကို အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိကဖြစ်တဲ့ ဂျာဗားကျွန်းရဲ့ အပြင်ဘက်မှာ ဆောက်လုပ်လိုတယ်လို့ သမ္မတက ပြောပါတယ်။ ဂျာဗားကျွန်းဟာ အင်ဒိုနီးရှားနိုင်ငံ လူဦးရေရဲ့ ၅၇ ရာခိုင်နှုန်း နေထိုင်နေကြပြီး စုစုပေါင်းလူသန်း ၂၇၀ နီးပါး နေထိုင်ပါတယ်။ AFP