ရုရှနှင့် အီရန် မကူညီလျှင် ဆီးရီးယားက ဓာတုတိုက်ခိုက်မှု မလုပ်နိုင်ဟု အိမ်ဖြူတော် အပြစ်ပြော

ဝါရှင်တန်၊ ဧပြီ ၁၀

ဆီးရီးယားတွင် အရပ်သားများအား ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခြင်းတွင် အိမ်ဖြူတော်က အီရန်နှင့် ရုရှတို့ကို အပြစ်ဆိုလက်ညိုးထိုးသည်။

ဆီးရီးယားအစိုးရအနေဖြင့် ထိုသို့သော ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုမျိုးကို ရုရှနှင့် အီရန် အကူအညီမပါဘဲ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း အိမ်ဖြူတော်က ဧပြီ ၉ ရက်တွင် ကောက်ချက်ချ ပြောဆိုသည်။

“ရုရှနဲ့ အီရန်အနေနဲ့က သူတို့တွေ ဆီးရီးယားကို ထောက်ပံ့လို ဒီလို တိုက်ခိုက်မှုမျိုးဖြစ်တာကြောင့် တာဝန်ရှိတယ်။”ဟု အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအတွင်းဝန် ဆာရတ်ရှ်ဆန်ဒါးက ဆိုသည်။

ဆီးရီးယားအစိုးရနှင့် ၎င်းအား ထောက်ခံပေးနေသည့် ရုရှနှင့် အီရန်တို့က စွပ်စွဲပြောဆိုနေသော တိုက်ခိုက်မှုများ တွင် ဓာတုလက်နက်သုံး တိုက်ခိုက်ခြင်း မရှိကြောင်း ငြင်းဆန်ထားသည်။

ပြီးခဲ့သည့် ဧပြီ ၈ ရက်က ဒမတ်စကပ်အပြင်ဖက် သူပုန်ထိန်းချုပ်ရာ ဒူမာမြို့တွင်  ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွားပြီး လူပေါင်း ၄၈ ဦး သေဆုံးခဲ့သည်။

-Ref; AFP