အထူးဒေသ (၄) ၏ ဖိတ်ကြားချက်အရ နှစ် (၃၀) ပြည့် အခမ်းအနားသို့ ယခင် UPWC အဖွဲ့ဝင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်အားပေး

 

ကျိုင်းတုံ၊ ဇွန် ၃၀

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ  (၄) ၏ ဖိတ်ကြားချက်အရ ပြည်ထောင်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၆ နာရီက အထူးဒေသ (၄) မိုင်းလားမြို့ ငြိမ်းချမ်းရေး ရင်ပြင်၌ ကျင်းပသည့် အထူးဒေသ (၄) နှစ် (၃၀) ပြည့် အထိမ်းအမှတ်ပွဲတော်သို့ တက်ရောက် အားပေးခဲ့သည်။

အခမ်းအနားတွင် ဒေသခံတိုင်းရင်းသား အလှပြအဖွဲ့မှ ရိုးရာတေးသီချင်းများ ရိုးရာအကများကပြ၍ သဘာပတိ စင်ရှေ့မှ ဂုဏ်ပြုလမ်းလျှောက် သရုပ်ပြခဲ့သည်။ ဆက်လက်၍ ဒေသကိုယ်စားပြု အဖွဲ့များမှ ၎င်းတို့၏ ဆောင်ရွက် မှုများကို ပုံဖော်ပြသထားသည့် အလှပြယာဉ် ၁၇ စီးနှင့် ကြွရောက်လာကြသူများအား သရုပ်ပြ မောင်းနှင်ပြသ ခဲ့သည်။

ထို့နောက် နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံနှင့် ရှမ်းပြည်နယ်အလံအား လွှင့်ထူကာ အထူးဒေသ (၄) ဥက္ကဋ္ဌ ဦးစိုင်းလင်းက မိန့်ခွန်းပြောကြားပြီး ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ် (၃၀) ပြည့် ပွဲတော်သို့ ပေးပို့သော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဝဏ်လွှာကို ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က ဖတ်ကြားပြီး၊ နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်နှင့် ဦးခင်ညွန့်တို့၏ သဝဏ်လွှာများအား ဖတ်ကြားကြသည်။

ယင်းနောက် ငြိမ်းချမ်းရေးအထိမ်းအမှတ် ချိုးငှက်များလွှတ်၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။ အထူးဒေသ (၄) နှစ် ၃၀ ပြည့်အထိမ်းအမှတ် ပွဲတော်သို့ ငြိမ်းချမ်းရေး ကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ယခင် UPWC (ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဦးခင်ရီ၊ ဦးစိုးနိုင်၊ ဦးမြင့်စိုး၊ ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသူများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ တက်ရောက် အားပေးခဲ့ကြသည်။