ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များ ဇွန်လကုန် ထုတ်ပေးမည်

အခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်ခဲ့တဲ့ ကျောင်းသား၊ကျောင်းသူတွေရဲ့ အောင်လက်မှတ်တွေကို ဇွန်လကုန်ပိုင်းမှာ ထုတ်ပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ပြောပါတယ်။ ကျောင်းသားတွေအနေနဲ့ အောင်လက်မှတ်ထုတ်ယူမယ်ဆိုရင် ကြည်လင်ပြတ်သားမှုရှိတဲ့ ပတ်စ်ပို့စ်ဓာတ်ပုံ ၂ ပုံ ယူဆောင်လာပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ရောင်းချတဲ့ ၆၀၀ ကျပ်တန် တံဆိပ်ခေါင်းပုံစံနဲ့ အတူ ထုတ်ယူရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနအနေနဲ့ အောင်လက်မှတ်တွေကိုလည်း နေ့ချင်းပြီးစနစ်နဲ့ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ အောင်လက်မှတ်ထုတ်ယူရာမှာ အောင်မြင်တဲ့ကျောင်းသားကိုယ်တိုင် လာရောက် ထုတ်ယူ နိုင်သလို၊ ကိုယ်စား ထုတ်ယူခွင့်လည်း ပြုထားတာပါ။ ကိုယ်စားထုတ်ယူရာမှာတော့ ထုတ်ယူသူရဲ့ မှတ်ပုံတင်မူရင်းနဲ့ မိတ္တူတစောင် ယူဆောင်လာရမှာဖြစ်ပြီး ကိုယ်စားလှယ်လွှဲစာနဲ့အတူ ထုတ်ယူရမှာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မူရင်းကို မြန်မာနိုင်ငံ  စာစစ်ဦးစီးဌာနကနေ တကြိမ်သာ ထုတ်ပေးတာဖြစ်ပြီး ပျောက်ဆုံး၊ ပျက်စီးတာတွေရှိရင် နောက်ဆုံးတကြိမ်အနေနဲ့ အောင်လက်မှတ် မိတ္တူကိုသာ ထုတ်ပေးပါတယ်။ ဒါကြောင့် ကျောင်းသားတွေအနေနဲ့ အောင်လက်မှတ်ရရှိရင် သေချာသိမ်းဆည်းထားဖို့ လိုအပ်ပါတယ်။ အခုနှစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ ၂ သိန်း ၆ သောင်းကျော် ရှိပါတယ်။  akonthi