တရုတ်နည်းပညာ ပြပွဲတွင် ထရန့်ကို ထိုးနှက်မှု လက်တွေ့ဖြစ်လာ

တရုတ်-အမေရိကန် ကုန်သွယ်ရေးနှင့် နည်းပညာစစ်ပွဲကြား ရှန်ဟိုင်းမြို့တွင် ပြုလုပ်သည့် နည်းပညာပြပွဲတစ်ခု၌ တူဖြင့် ထုရိုက်နိုင်သော ဒေါ်နယ်ထရန့် အရုပ်တစ်ရုပ် ပါဝင်သည်။ စားသုံးသူ အီလက်ထရွန်နစ် ကုန်စည်ပြပွဲ အာရှ (CES Asia) တွင် ထားရှိသော အကြွေစေ့ထည့်၍ ပစ္စည်းဝယ်ရသည့် စက်တစ်လုံးကို စိတ်ဖိစီးမှု ဖြေလျှော့ရေး နေရာအဖြစ် ဖော်ပြထားပြီး အမေရိကန်သမ္မတ၏ အရွယ်အစားတူ ဘောလုံးခေါင်းပုံစံကို တူဖြင့် ထုရိုက်နိုင်သည်။

ရောင်းရန်မဟုတ်သော ယင်းနမူနာပစ္စည်းသည် နှစ်စဉ် နည်းပညာပြပွဲတွင် ထရန့်ကို ထိုးနှက်ရန် ကိုယ်စားပြု အနေဖြင့် အသုံးတော်ခံပေးနေသည်။

 ‘‘ကျွန်တော် လက်တွေ၊ ခြေထောက်တွေ သုံးလို့ရရင် ပိုကောင်းမယ်။ တူနဲ့ထုရတာ စိတ်ကျေနပ်ဖို့ သိပ်မကောင်းဘူးလို့ ကျွန်တော် ထင်တယ်’’ဟု ယင်းပွဲတွင် သမ္မတခေါင်းကို ရှေ့နောက်ယိမ်းသွားအောင် ထုရိုက်ပြီးနောက် ပြပွဲသို့လာသူ ဝန်ဒေါင်ယု (၃၁)နှစ်က ပြောကြားသည်။ အမေရိကန်စားသုံးသူ နည်းပညာအဖွဲ့အစည်း (CTA)က ကျင်းပသော ယင်းကုန်စည်ပြပွဲကို နှစ်နိုင်ငံကြား ကုန်သွယ်ရေး စစ်ပွဲ အရှိန်မြင့်တက်နေစဉ် ယခု သီတင်းပတ်အတွင်း စတင်ခြင်း ဖြစ်သည်။ တရုတ်နှင့် အမေရိကန်တို့ သည် နှစ်ဖက်ကုန်သွယ်မှုအတွင်း ကန်ဒေါ်လာ ဘီလီယံ ၃၆၀ တန်ဖိုးရှိ ပစ္စည်းများအပေါ် အပြန်အလှန် အခွန်များ ပြဋ္ဌာန်းထားသည်။  ထို့အပြင် 5G ကွန်ရက်တည်ဆောက်မှုများတွင် တရုတ်၏ ဟွာဝေးကုမ္ပဏီ ပစ္စည်းများမသုံးရန် အမေရိကန်က ကမ္ဘာတစ်ဝန်း အစိုးရအဖွဲ့များကို တိုက်တွန်းနေပြီး ယင်းပစ္စည်းများက လျှို့ဝှက်ထောက်လှမ်းရေး တွင် အသုံးချနိုင်သည်ဟု ပြောကြားထားသည်။ 

—Ref: CNA