နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘော ရုရှား မိတ်ဆက်

ရုရှားအစိုးရဟာ ရေခဲပြင်ကိုခွဲပြီး မောင်းနိုင်တဲ့ နျူကလီးယား စွမ်းအင်သုံး သင်္ဘောကို မေလ ၂၅ ရက်က စပြီး မိတ်ဆက်လိုက်ပါတယ်။ အာတိတ်ဒေသရဲ့ စီးပွားရေး အလားအလာအပေါ် စွမ်းရည်တိုးမြှင့်ဖို့ သူ့ရဲ့ ရေတပ်ကို တိုးချဲ့ဖို့ ရည်မှန်းချက်ကြီးတဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

စိန့်ပီတာစဘတ်မြို့က သင်္ဘောကျင်းကနေ ဒေါက်ဖြုတ် ထွက်လာခဲ့တဲ့၊ The Ural လို့ နာမည်ပေးထားတဲ့ သင်္ဘောဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အင်အားအကြီးဆုံး ရေခဲခွဲ သင်္ဘောတွေ ၃ စီးထဲက ၁ စီး ဖြစ်လာတာပါ။

ဝန်ထမ်း ၇၅ ယောက် ပါအောင် ဒီဇိုင်းထုတ်ထားတဲ့ ယူရယ် သင်္ဘောဟာ ၃ မီတာထူတဲ့ ရေခဲထုကို ဖြတ်ဖောက် ခွဲထုတ်နိုင်ပါတယ်။ အလားတူ သင်္ဘော အာတိတ်နဲ့ ဆိုက်ဘေးရီးယား သင်္ဘော ၂ စီးပါ လုပ်ငန်းခွင် ဝင်အပြီးမှာ The Ural သင်္ဘောကို ရုရှား အစိုးရပိုင် နျူကလီးယား စွမ်းအင် ကော်ပိုရေးရှင်း ရိုဆာတွန်ဆီကို ၂၀၂၂မှာ လွှဲပေးမှာပါ။ ရုရှားဟာ သူ့ရဲ့ ဆိပ်ကမ်းတွေကို အလုံးစုံ ပြုပြင်မွမ်းမံနေပြီး အခြေခံအဆောက်အဦ အသစ်တွေ ကိုလည်း တည်ဆောက် နေပါတယ်။ ရာသီဥတု ပူနွေးလာတာနဲ့အမျှ မြောက်ပင်လယ် လမ်းကြောင်းမှာ ယာဉ်ကြော ထူထပ်လာဖို့ အသင့်ဖြစ်ရေး ကြိုတင် ပြင်ဆင်နေတာပါ။ ရုရှားဟာ အာတိတ်ကမ်းရိုးတန်းတလျှောက် ကုန်စည်တင်ပို့မှု တိုးမြှင့်ရေး ရည်မှန်းချက် အတွက် ရေခဲပြင်ကိုခွဲပြီး ခုတ်မောင်းနိုင်တဲ့ Ice breaker သင်္ဘောတွေ ပိုတိုးပြီး တည်ဆောက် နေတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ဧပြီလမှာ ပြောခဲ့ပါတယ်။ ရုရှားဟာ ၂၀၃၅ခုနှစ်မှာ နျူကလီးယား စွမ်းအင်သုံး Ice breaker သင်္ဘော ၉ စီး အပါအဝင် အကြီးစား ရေခဲခွဲ သင်္ဘော ၁၃ စင်းထက်မနည်း ပါဝင်ဖွဲ့စည်းထားတဲ့ အာတိတ် ရေတပ်သင်္ဘော တပ်စုကို ထားမယ်လို့ ပူတင်က ပြောပါတယ်။ အာတိတ်ဒေသဟာ ရေနံစိမ်း စည်ပေါင်း ၄၁၂ ဘီလျံရှိတဲ့ ရေနံသိုက်တွေ ဓာတ်ငွေ့သိုက်တွေ ကြွယ်ဝတဲ့ နေရာပါ။

ဒါဟာ ကမ္ဘာ့မတူးဖော်ရသေးတဲ့ ရေနံနဲ့ ဓာတ်ငွေ့ စုစုပေါင်းရဲ့ ၂၂ ရာခိုင်နှုန်းလည်း ဖြစ်တယ်လို့ အမေရိကန် ဘူမိစစ်တမ်းက ခန့်မှန်းပါတယ်။ ရုရှားနိုင်ငံ မာမန့်စ်ခ်ကနေ အလာစကာဒေသ ဘယ်ရင်ရေလက်ကြားထိ သွားမယ့် ပင်လယ်ရေကြောင်းဟာ အာရှကနေ ဥရောပကို သွားမယ့် ခရီးလမ်းကို တိုသွားစေမယ်လို့ ရုရှားက မျှော်လင့်ထားပါတယ်။ (DVB)