ဥရောပ ရွှေဖိနပ်ဆု သုံးနှစ်ဆက်တိုက် ရရှိခဲ့တဲ့ မက်ဆီ

ဘာစီလိုနာ – အနီးကပ်ဆုံးပြိုင်ဘက် ပီအက်စ်ဂျီတိုက်စစ်မှူးမက် ဘီက ပြင်သစ်လီဂူးဝမ်း ရာသီအပိတ်ပွဲတွင် လိုအပ်သော သွင်းဂိုးလေးဂိုး သွင်းယူနိုင်ခြင်း မရှိသဖြင့် ဘာစီလိုနာကြယ်ပွင့် မက်ဆီသည် ဥရောပရွှေဖိနပ်ဆုကို သုံးနှစ်ဆက်တိုက် သိမ်းပိုက်နိုင်သော ပထမဆုံးကစားသမားဖြစ်လာသည်။

ရိမ်းစ်အသင်းကို ၃-၁ ဂိုးဖြင့် ရှုံးခဲ့သော ပြင်သစ်လီဂူးဝမ်း နောက်ဆုံးပွဲတွင် ပီအက်စ်ဂျီအတွက် တစ်လုံးတည်းသော ဂိုးသွင်းယူခဲ့သူ မက်ဘီက ယခုနှစ်ရာသီ လိဂ်၌ ၃၃ ဂိုးရရှိခဲ့ပြီး မက်ဆီက ၃၆ ဂိုးသွင်းယူနိုင်ခဲ့သည်။ ထို့ကြောင့် မက်ဆီသည် ဥရောပ ဂိုးသွင်းဘုရင်ဆုကို (၆) ကြိမ်မြောက် စံချိန်တင်ရရှိခဲ့ခြင်း ဖြစ်သည်။

မက်ဆီ၏ သွင်းဂိုးများက ဘာစီလိုနာကို စပိန်လာလီဂါ အမှတ်ပေးဆုဖလားရရှိစေခဲ့သည်။ သို့သော် ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲသို့ တက်ရောက်ရန် နှစ်ကျော့ပေါင်း ၄-၃ ဂိုးဖြင့် အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့သော အရိပ်မည်းမှ လွတ်မြောက်ရေး ဘာစီလိုနာအသင်း ကြိုးပမ်းနေစဉ် မက်ဆီသည် ရွှေဖိနပ်ဆုအပေါ် အာရုံစိုက်မှု နည်းပါးခဲ့သည်။ ‘‘ဆုတံဆိပ်တွေအကြောင်း ကျွန်တော် လုံးဝမစဉ်းစားပါဘူး။ ကျွန်တော်တို့က လီဗာပူးနဲ့ပွဲ ရလဒ်နဲ့ပတ်သက်လို့ ကုစားနေရတုန်းပါ။ တစ်ဦးချင်း ဆုတံဆိပ်တွေကို ကျွန်တော် မစဉ်းစားပါဘူး’’ ဟု မက်ဆီက ပြောကြားသည်။ 

—Ref:Reuters