ဖိလစ်ပိုင်လေဆိပ်တွင် မှောင်ခိုသွင်းလာသည့် လိပ်ကောင်ရေ ၁၅၀၀ ကျော် ဖမ်းမိ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် နိုင်ငံတကာလေဆိပ်မှာ လာမယူတဲ့ ခရီးဆောင်အိတ်အတွင်း တိပ်တွေနဲ့ ရစ်ပတ်ထားပြီး မှောင်ခိုသွင်းလာတဲ့ လိပ်ကောင်ရေ ၁၅၀၀ ကျော်ကို ဖိလစ်ပိုင်အာဏာပိုင်တွေက မတ်လ ၃ ရက်နေ့မှာ သိမ်းဆည်းရမိခဲ့ပါတယ်။

ဟောင်ကောင်ကနေ လေယာဉ်စီးလာတဲ့ ဖိလစ်ပိုင်ခရီးသည်တယောက် ပိုင်ဆိုင်တဲ့ ခရီးဆောင်အိတ်ကို လေဆိပ်ရဲ့ ဆိုက်ရောက်ခရီးသည်ခန်းမမှာ တွေ့ခဲ့တာပါ။ အိတ်ရဲ့ အစိတ်အပိုင်း လေးခုထဲကနေ လိပ်ကောင်ရေ ၁၅၂၉ တွေ့ခဲ့တယ်လို့ အကောက်ခွန်အရာရှိတွေက ပြောပါတယ်။ ရှာတွေ့တဲ့ လိပ်တွေထဲမှာ ရှားပါး မျိုးသုဉ်းလုနီး မျိုးစိတ်တွေဖြစ်တဲ့ ကြယ်လိပ်၊ ခြေနီလိပ်၊ နားနီလိပ်နဲ့ စူလ်ကာတာ လိပ်တွေကို တွေ့ရတယ်လို့ သူတို့က ပြောပါတယ်။

ဖိလစ်ပိုင်ဥပဒေအရ သားရိုင်းတိရစ္ဆာန်တွေကို တရားမဝင် ကုန်သွယ်ရင် ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် အမေရိကန်ဒေါ်လာ ၃၇၀၀ နဲ့ညီတဲ့ ဖိလစ်ပိုင် ပီဆိုငွေ ၂ သိန်း စီရင်လေ့ရှိပါတယ်။ လိပ်တွေကို ဖိလစ်ပိုင် သဘာဝပတ်ဝန်းကျင်ဗျူရိုရဲ့ သားရိုင်းစောင့်ကြည့်ရေး ဌာနဆီ လွှဲပေးခဲ့ပါတယ်။

by DVB