မက်မောလောက်စရာ ခံစားခွင့်တွေ ရရှိခဲ့တဲ့ အာရှဖလားချန်ပီယံ ကာတာအသင်းသားများ

ကာတာအသင်း အနိုင်ယူခဲ့တဲ့ အသင်းတွေထဲမှာ ဆော်ဒီ၊ တောင်ကိုရီးယား၊ ယူအေအီး နဲ့ ဂျပန်တို့လို နာမည်ကြီးအသင်းတွေ ပါဝင်နေခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၉ အာရှဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် အာရှဖလားချန်ပီယံ ကာတာအသင်းသားတွေဟာ မက်မောလောက်စရာ ဆုကြေးငွေတွေနဲ့ အခြားသော အကျိုးခံစားခွင့်တွေကို ရရှိခဲ့တယ်လို့ Fox Sports Asia က ရေးသားဖော်ပြခဲ့ပါတယ်။ အီရန်မီဒီယာတစ်ခုရဲ့ ဖော်ပြချက်ကို ကိုးကားပြီး ပြန်လည်ရေးသားထားရာမှာ ကာတာကစားသမားတစ်ဦးချင်းစီဟာ ဆုကြေးငွေပေါင် (၂)သန်းစီ ရရှိခဲ့တယ်လို့ သိရပါတယ်။

တော်တော်လေးများပြားတဲ့ ပမာဏဖြစ်ပြီး အခုလို ချီးမြှင့်ခဲ့တဲ့အတွက် ပရိသတ်တွေလည်း အံ့အားသင့်နေခဲ့ ကြပါတယ်။ ဒါပေမယ့် ကာတာကစားသမားတွေရဲ့ ခံစားခွင့်ဟာ ဒီလောက်နဲ့တင် ပြီးဆုံးမသွားခဲ့ပဲ နောက်ထပ် မျက်လုံးပြူးစရာ ခံစားခွင့်တွေလည်း ရှိနေခဲ့ပါသေးတယ်။ အရှေ့အလယ်ပိုင်းဒေသက ဘောလုံးသတင်းထောက် Sina Saemian က သူ့ရဲ့ တွစ်တာမှာ အခုလိုပဲ ဖော်ပြခဲ့ပါတယ်။

ကာတာကစားသမားတစ်ဦးချင်းစီဟာ ဆုကြေးငွေအဖြစ် ပေါင် (၂)သန်း၊ လန်ဒန်မှာ တိုက်ခန်းတစ်ခန်းစီ၊ ဘ၀တစ်သက်စာ လစာငွေ ခံစားခွင့်၊ နောက်ဆုံးပေါ် Lexus ဇိမ်ခံကားတစ်စီးစီ နဲ့ ကာတာအကြီးအကဲရဲ့ စံအိမ်မှာ နေ့လည်စာ အတူတူစားသုံးခွင့်တို့ကို ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ် အသင်းသားတွေထက်တောင် ဆုကြေးငွေ ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။

ကာတာအသင်းဟာ အာရှဖလားပြိုင်ပွဲမှာ (၇)ပွဲကစားခဲ့ပြီး (၇)ပွဲစလုံးကို အနိုင်ကစားခဲ့ကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ ဂိုးအများဆုံးသွင်းတဲ့အသင်းအဖြစ် (၁၉)ဂိုးသွင်းယူကာ ရပ်တည်နိုင်ခဲ့သလို ပေးဂိုး အနည်းဆုံး အသင်းအဖြစ် တစ်ဂိုးသာ ပေးခဲ့ရပြီး ခံစစ်အကောင်းဆုံးအသင်းအဖြစ်လည်း ရပ်တည်နိုင်ခဲ့ပါတယ်။

ကာတာတိုက်စစ်မှူး အယ်မိုအလီဟာ ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး (၉)ဂိုးအထိ ရရှိခဲ့ပြီး ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သလို တန်ဖိုးအရှိဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် အီရန် တိုက်စစ်မှူးဟောင်း အလီဒါယီရဲ့ အာရှဖလားပြိုင်ပွဲတစ်ခုအတွင်း သွင်းဂိုးအများဆုံး အဖြစ် (၈)ဂိုးသွင်းယူထားတဲ့ စံချိန်ကိုလည်း အလီက ကျော်ဖြတ်ပြခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။   Source: Duwun