ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ မြန်မာခရီးစဉ်ရွှေ့ဆိုင်း

ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးအခြေအနေကြောင့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်ကို ရွှေ့ဆိုင်းကြောင်း မဟာမင်းကြီးရုံး (UNHCR) ပြောခွင့်ရ ပုဂ္ဂိုလ်က AFP သတင်းဌာနအား ပြောကြားသည်။

မဟာမင်းကြီး မစ္စတာဖိလစ် ပိုဂရန်ဒီသည် ယခုလ ၇ ရက်တွင် မြန်မာနိုင်ငံ ခရီးစဉ်စတင်ရန် စီစဉ်ခဲ့သော်လည်း မြန်မာအစိုးရက လုံခြုံရေးဆိုင်ရာ  အခြေအနေကြောင့် ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်ခွင့် မပြု၍ ခရီးစဉ်ရွှေ့ဆိုင်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးချမ်းအေးက ပြောသည်။

‘‘ကျွန်တော်တို့ဘက်က လာခွင့်ပြုတယ်။ ဘူးသီးတောင်၊ မောင်တောသွားခွင့် မရှိဘူး။ သူတို့က ဘူးသီးတောင်၊ မောင်တောကို သွားခွင့်မရတဲ့အတွက် လောလောဆယ် ရွှေ့ဆိုင်းပါမယ်ဆိုတာ သူတို့ဘက်က ဆုံးဖြတ်တာ’’ဟု ၎င်းကရှင်းပြသည်။ အထက်ပါ ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ ခရီးစဉ်ရွှေ့ဆိုင်းခဲ့မှုကို AFP ကို ကိုး ကား၍ Daily Mail သတင်းဌာန က မြန်မာအစိုးရက မဟာမင်း ကြီး၏ ခရီးစဉ်ကို   ရွှေ့ဆိုင်းကြောင်းခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။

ယင်းသို့ ဖော်ပြမှုနှင့်ပတ်သက်၍ မြန်မာအစိုးရက ရွှေ့ဆိုင်းခြင်းမဟုတ်ဘဲ မဟာမင်းကြီးရုံးဘက်က ဆုံးဖြတ်ခဲ့ေ ကြာင်း ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကတုံ့ပြန်သည်။ ဇန်န၀ါရီ ၄ ရက်တွင် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို AA အဖွဲ့က ၀င်ရောက် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ယင်း ဖြစ်စဉ်ကြောင့် ဘူးသီးတောင်နှင့် မောင်တောသို့ သွားရောက်ခွင့် မပြုကြောင်း ဦးချမ်းအေးက ပြောသည်။

မဟာမင်းကြီး မစ္စတာဖိလစ်ပိုဂရန်ဒီသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ရန် စီစဉ်ခြင်းဖြစ်ပြီး ၂၀၁၇ ဇူလိုင်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ် အေး၊ လ၀က၀န်ကြီး ဦးသိန်းဆွေနှင့် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးရဲအောင်တို့နှင့် တွေ့ဆုံခဲ့သည်။ လက်ရှိတွင် ၎င်း၏ ခရီးစဉ်အတွက် ဆက်လက်ဆွေးနွေးနေသော်လည်း ထပ်မံလာရောက်မည့် ရက်ကိုမူ တရားဝင် မသတ်မှတ်ရသေးကြောင်း ဦးချမ်းအေးက ပြောသည်။