အိုးထရက်ဖို့ဒ် ဖိအားဒဏ်မခံနိုင်ပါက အိမ်မှာပဲနေဖို့ ကစားသမားတွေကို မော်ရင်ညို ပြော

မန်ယူနည်းပြ မော်ရင်ညိုက အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ကစားရတဲ့ဖိအားဒဏ်ကို မခံနိုင်ပါက အိမ်မှာပဲနေပြီး တီဗွီကြည့်ဖို့ အသင်းသားတွေကို ပြောကြားခဲ့ပါတယ်။

စနေနေ့က အိမ်ကွင်းမှာ ပဲလေ့စ်နဲ့ဂိုးမရှိသရေကျ ခဲ့တာကြောင့် မန်ယူအသင်းဟာ အခုရာသီအိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပြိုင်ပွဲစုံ(၉)ပွဲမှာ (၃)ပွဲသာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီအိမ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် (၂)ပွဲမှာ မန်ယူအသင်း (၁)ပွဲသရေကျခဲ့ပြီး (၁)ပွဲရှုံးခဲ့ကာ အဲဒီ(၂)ပွဲစလုံးမှာ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒီနေ့မှာ ကစားမယ့် ယန်းဘွိုင်းနဲ့ပွဲမှာသာ ဂိုးမသွင်းနိုင်ဘူးဆိုရင် မန်ယူအသင်းသမိုင်းတလျောက် အိမ်ကွင်းမှာ ပထမဆုံး အကြိမ် ဥရောပပွဲစဉ်(၃)ပွဲဆက် ဂိုးမသွင်းနိုင်တဲ့ မှတ်တမ်းဆိုး ရရှိမှာပါ။ အခုရာသီ အဝေးကွင်းပွဲတွေမှာ မန်ယူအသင်း ရလဒ် ပိုကောင်းတာကို နည်းပြမော်ရင်ညို လက်ခံဖို့ခက်နေပြီး အိမ်ကွင်းမှာကစားဖို့ ဖိအားဝင်နေတဲ့ ကစားသမားတွေအတွက် ပြတ်ပြတ်သားသား သတိပေးခဲ့တာပါ။

မန်ယူနည်းပြမော်ရင်ညိုက “ဖိအားတွေရှိနေပြီဆိုရင် အိမ်မှာပဲနေပါ။ ကျွန်တော်ပြောတဲ့အိမ်ဆိုတာက အိမ်ကွင်းကို ပြောတာ မဟုတ်ပါဘူး။ ကစားသမားတွေရဲ့အိမ်ကိုပြောတာပါ။ အဲဒီမှာပဲနေပြီး တီဗွီကြည့်ပါ။ ပရိသတ်တွေက အားပေးဖို့ ကွင်းထဲကိုလာတာပါ။ ကျွန်တော်တို့အိမ်ကွင်းမှာ ကစားဖို့ဖိအားတွေမရှိပါဘူး။ အဝေးကွင်းမှာ ကစားရတာ ပိုကြိုက်တယ်ဆိုရင် ပရိသတ်တွေနဲ့ အသင်းကို လေးစားမှု မရှိတာပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော် အဲလိုပြောမှာ မဟုတ်ပါဘူး။ ဒီနေ့ပွဲကို အိုးထရက်ဖို့ဒ်မှာ ကစားရတာနဲ့ ဘီရန်မှာကစားရတာ ဘယ်မှာ ပိုကစားချင်လဲမေးရင် အိမ်ကွင်းမှာပဲ ကစားမယ်လို့ ကျွန်တော် ချက်ချင်းအဖြေပေးမှာပါ”လို့ ဖွင့်ဟခဲ့ပါတယ်။

-Ref: Skysports