အီတလီ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဂျူဗင်တပ်နည်းပြ အလီဂရီ ရရှိ

ပြီးခဲ့တဲ့တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အခမ်းအနားတွင် အီတလီတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဂျူဗင်တပ် နည်းပြ အလီဂရီကရရှိခဲ့တယ်လို့ သိရပါတယ်။ ဆုရရှိပြီးနောက်မှာ အလီဂရီက ဂျူဗင်တပ်အသင်းတွင် ကာလရှည်ကြာစွာ ဆက် နေလိုကြောင်းလည်း ပြောခဲ့ပါတယ်။

အီတလီတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုရရှိခဲ့တဲ့ အလီဂရီအနေနဲ့ နာပိုလီနည်းပြဟောင်း ဆာရီနဲ့ လာဇီယို နည်းပြ ဆိုင်မြွန်အင်ဇာဂီတို့ကို ကျော်ဖြတ်ပြီးရရှိခဲ့တာဖြစ်ပါတယ်။ အလီဂရီဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်နဲ့အတူ စီးရီးအေချန်ပီ ယံအဖြစ် ၇ နှစ်ဆက်ရရှိခဲ့သလို ကိုပါအီတာလီယာဖလားကိုလည်း ၁၃ကြိမ်မြောက်ရရှိခဲ့ပါတယ်။ ဆုရပြီးနောက် အလီဂရီ က “ စီးရီးအေမှာ ၈ နှစ်ဆက် ချန်ပီယံဖြစ်ရေးက အဓိကရည်မှန်းချက်ဖြစ်ပြီး ချန်ပီယံလိဂ် မှာလည်း ဗိုလ်စွဲဖို့အတွက် လုပ် ဆောင်သွားမယ်” လို့ ပြောခဲ့ပါတယ်။

အလီဂရီအနေနဲ့ အီတလီတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ၄ ကြိမ်မြောက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် က အေစီမီလန်အသင်းနဲ့အတူ အကောင်းဆုံးနည်းပြဆုကို ပထမ အကြိမ် ရရှိခဲ့ပြီး ၂၀၁၅၊၂၀၁၆ ခုနှစ်တွေမှာ ၂ နှစ်ဆက် ဂျူဗင်တပ်အသင်းနဲ့ ရရှိခဲ့တာကြောင့် ဒီတစ်ကြိမ်ရရှိမှုဟာ ဂျူဗင်တပ်နည်းပြဘဝမှာ ၃ ကြိမ် မြောက် ရရှိခြင်းလည်း ဖြစ်ပါတယ်။

အီတလီတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ၁၉၉၇ ခုနှစ်က စတင်ပေးအပ်ခဲ့တာဖြစ်ပြီး အီတလီလူမျိုး နည်းပြတွေသာ ဆုရရှိမှု များခဲ့ပေမယ့် အီတလီလူမျိုး မဟုတ်တဲ့နည်းပြ ၂ ဦးသာ အကောင်းဆုံး နည်းပြဆုကို ရရှိဖူးတယ်လို့ သိရပါတယ်။ အဲ့ဒီနည်းပြ ၂ ဦးကတော့ ၂၀၀၀ ခုနှစ်က လာဇီယိုနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဆွီဒင်လူမျိုး ဆဗန်ဂိုရန်အဲရစ်ဆင် နဲ့ ၂၀၀၉ ခုနှစ်မှာ အင်တာမီလန်ကို ကိုင်တွယ်ခဲ့တဲ့ ပေါ်တူဂီလူမျိုး ဟိုဆေးမော်ရင်ဟို တို့ပဲဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ၂၀၀၉ ၊၂၀၁၀ခုနှစ်တွေမှာ အီတလီတစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ၂ နှစ်ဆက် ရရှိခဲ့တာဖြစ်ပါတယ်။

90Minutes